တခြားသောကမ်းလှမ်းမှုတစ်ခု ဒါမှမဟုတ် အသင်းမှာအဆင်မပြေဖြစ်ခဲ့လို့ ထွက်ခဲ့မယ်ဆိုရင် ယူရိုသန်း ၁၀၀အထိ လျော်ကြေးပေးရမှာလည်းဖြစ်ပါတယ်။
ဘာစီလိုနာအတွက် လုပ်ခလစာအဖြစ် ၁ ယူရိုသာ ယူပြီး ကစားပေးမယ့် ဘရာဇီးလ်ဝါရင့်ကစားသမားကြီး ဒန်နီအဲဗက်စ်ဟာ အသင်းကနေ ဇွန်လမတိုင်ခင် ပြန်လည်ထွက်ခဲ့မယ်ဆိုပါက လျော်ကြေးအဖြစ် ယူရိုသန်း ၁၀၀ ပေးချေရမယ်လို့ ဘာစီလိုနာက စာချုပ်အတွင်းထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။ RAC1 ရဲ့ ဖော်ပြချက်အရ ကစားသမားဟာ ရာသီကုန်ထိ အသင်းအတွက် မဖြစ်မနေကစားပေးရတော့မှာလည်းဖြစ်ပါတယ်။
အဲဒီလိုမှမဟုတ်ဘဲ တခြားသောကမ်းလှမ်းမှုတစ်ခု ဒါမှမဟုတ် အသင်းမှာအဆင်မပြေဖြစ်ခဲ့လို့ ထွက်ခဲ့မယ်ဆိုရင် ယူရိုသန်း ၁၀၀အထိ လျော်ကြေးပေးရမှာလည်းဖြစ်ပါတယ်။ ဒါဟာ အသင်းအတွက် လစာမယူဘဲကစားပေးတဲ့ ကစားသမားအပေါ် ဘာစီလိုနာဘက်က ပြုမူခဲ့တဲ့ ထူးခြားတဲ့လုပ်ရပ်တစ်ခုဖြစ်ကာ ဒီအပေါ်မှာ ပရိသတ်တွေကလည်း အံ့အားသင့်နေတယ်လို့ သိရပါတယ်။
ကစားသမားရဲ့စာချုပ်နဲ့ပတ်သက်ပြီး RAC1 က အသေးစိတ်ထုတ်ပြန်ခဲ့ရာမှာ ဒီအချက်က ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ အခြားသောသတင်းဌာနတွေကလည်း ဒါကိုဖော်ပြခဲ့ကြပြီး နောက်ထပ်တစ်နှစ်စာချုပ်သက်တမ်းတိုးခွင့်လည်း မပါဝင်ဘူးလို့ ဆိုပါတယ်။ နှစ်ဦးနှစ်ဖက်သဘောတူညီရင်တော့ နောက်ထပ်တစ်နှစ်အတွက် စာချုပ်ချုပ်ဆိုဖို့သာ ပါဝင်တယ်လို့လည်း သိရပါတယ်။
အဲဗက်စ်ကတော့ အသက် ၃၈ နှစ်အရွယ်ရှိပြီး ကမ္ဘာပေါ်မှာ ဆုဖလားအများဆုံးရကစားသမားအဖြစ် မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။ ဘာစီလိုနာမှာ နှစ်ပေါင်းများစွာကစားပေးခဲ့ပြီး အောင်မြင်မှုအများအပြားလည်းရယူနိုင်ခဲ့သူဖြစ်ကာ တသင်းလုံးမှာ လစာအနည်းဆုံးကစားသမားလည်းဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့်လည်း အဲဗက်စ်ရဲ့ လက်ရှိခြေစွမ်းနဲ့ ကြံ့ခိုင်မှု၊ ခေါင်းဆောင်နိုင်မှုစွမ်းရည်က ဘာကာအတွက် အရေးကြီးတာကြောင့် အသင်းဘက်က ရာသီကုန်ထိ ဆက်ရှိနေအောင် သေချာစေဖို့ အခုလိုစီစဉ်ခဲ့တာလို့လည်း သုံးသပ်နေကြပါတယ်။