သာကေတမြို့နယ်မှာ တစ်လမ်းဝင် တစ်လမ်းထွက် လှည့်ရောင်းနေသူပါ။

ဒီနေ့ Duwun ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တာက (၁၀)နှစ်ကျော်သည့်တိုင်အောင် လှည်းလေးတစ်စီးနဲ့ လှည့်လည်ရောင်းနေတဲ့ “ကြက်ကြော်” ဆိုင်လေးအကြောင်းပဲဖြစ်ပါတယ်။



ကြက်ကြော်ဆိုင်လေး စတင်ဖြစ်တည်ပုံ

“ ကြက်ကြော်” ဆိုတဲ့ တစာစာအော်သံနဲ့ တွန်းလှည်း အသံလေးကို ကြားရင် စားသုံးသူတွေက လူမမြင်ရင်တောင် အသံကြားရုံနဲ့ မချိုမာရဲ့ ကြက်ကြော် လာပြီဆိုတာ လူတိုင်း မှတ်မိနေကြမှာပါ။ လွန်ခဲ့တဲ့ (၇)နှစ်ခန့်က ခင်ပွန်းသည်နဲ့တူတူ ကိုယ်ကျွမ်းကျင်တဲ့ အရာလေးနဲ့ ဒိုးတူဘောင်ဖက် ကြိုးစားပြီး ကြက်ကြော် စတင်ရောင်းခဲ့တာလို့ သိရပါတယ်။ 

“အန်တီ တစ်ယောက်တည်း ကြက်ကြော်‌ရောင်းတာ ဆိုရင်တော့ (၃) နှစ်ကျော်လာလို့ (၄) နှစ်ထဲ ရောက်ပါပြီ။ ယောင်္ကျားကွယ်လွန်သွားပြီးတော့ အန်တီပဲ ရောင်းဖြစ်တာပေါ့။ သူရှိတုန်းကနဲ့ဆိုရင် ဈေးရောင်းတာ (၁၀)နှစ်ကျော်လောက်ရှိပါပြီ။ သူ မရှိတော့ မိသားစုစားဝတ်နေရေးကို ဒါလေးရောင်းပြီးတော့ ဖြေရှင်းရတာပေါ့” လို့ မချိုမာက ပြောပါတယ်။

လူကြိုက်များပြီး စားလို့ကောင်းတဲ့ ကြက်ကြော်ရဲ့ လျှို့ဝှက်ချက်

“ကြက်ကြော်” ဆိုတဲ့ အသံနဲ့ မချိုမာရဲ့ လှည်းလေး ရပ်ကွက်ထဲ ဝင်လာပြီဆိုရင် ဝယ်မစားပဲ မနေနိုင်ကြတဲ့ စားသုံးသူတွေ ရှိပါတယ်။ လူတိုင်းကို ဒီလိုဆွဲဆောင်နိုင်ရတဲ့ လျှို့ဝှက်ချက်လေးကိုလည်း သိခွင့်ရခဲ့ပါသေးတယ်။

“ကြက်သားကို ဂျင်း၊ ကြက်သွန်ဖြူ၊ မဆလာ ၊ ခနော၊ ဇီတာ ဒါလေးတွေနဲ့ သေချာနယ်ဖြစ်တယ်။ ဆိုးဆေး မသုံးဘူး။ စားစရာကတော့ ဒီ့ထက် တိုးဖို့ မရှိသေးပါဘူး အန်တီက ဒါပဲ လုပ်တတ်တော့ ဒါပဲ ရောင်းဖြစ်တာပါ။ သန့်ရှင်းမှုကတော့ အာမခံတယ်။ ကိုယ်တွေက လူသာမချမ်းသာတာ အစားအသောက်တော့ ဂရုစိုက်တယ် သန့်မှစားတယ်။ ကိုယ့်လိုပဲ စားသုံးသူတွေကို သန့်သန့်လေးပဲ စားစေချင်တယ်။ ပြီးတော့ ကိုယ့် စေတနာကြောင့်လည်း အခုလို အကျိုးပေးတယ်လို့မြင်ပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။

အလုပ်လုပ်နိုင်သေးသ၍ ဈေးလှည့်ရောင်းဦးမယ့် မချိုမာ

မချိုမာဟာ ဆိုင်ကို အတည်တကျနေရာဖွင့်ချင်ပေမယ့် ဒီကာလမှာ ဆိုင်ထိုင်ရောင်းတာ သိပ်ရောင်းမကောင်းတာကြောင့် အခုလို ရပ်ကွက်တွေ ပတ်ရောင်းနေတာလို့ ဆိုပါတယ်။

“ဒီလို ဈေးလှည့်ရောင်းတာတော့ ကိုယ်လုပ်နိုင်သရွေ့တော့ လုပ်နေမှာပါ။ ဆိုင်အထိုင် နဲ့ ဆိုရင် ရောင်းမကောင်းဘူးကွယ်။ အခုဆို မိုးတွင်းလဲ ရောက်လာတော့ အခက်အခဲတွေ ရှိတာပေါ့။ မိုးကြီးတဲ့နေ့ဆိုရင် ကိုယ်ရောက်တဲ့နေရာမှာ ခဏ ရပ်နေရတယ်။ မိုးလေး နည်းနည်းပေါ့သွားပြီဆိုရင် လှည်းနဲ့ပြန်ထပ်ပတ်ရတယ်။ ဒီလိုဖြစ်တော့ ကိုယ်ရောင်းမယ့် အချိန်က နည်းနည်းကြာသွားတာပေါ့။ အိမ်ပြန်ချိန်လဲ နောက်ကျတာပေါ့။ အဓိက ကတော့ ဈေးရောင်းကောင်းရင် ကိုယ်တွေ ဈေးဖိုးပိုရတော့ ဟင်းကောင်းတာလေး ချက်စားလို့ရတာပေါ့။” လို့ ဆိုပါတယ်။

ကြက်ကြော် ဈေးနှုန်းနဲ့ တည်နေရာ

မချိုမာဟာ ကြက်ကြော်ကို လှည်းလေးတွန်းရင်း သာကေတမြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်တချို့ကို လှည့်ရောင်းနေတာဖြစ်ပါတယ်။ ငွေကျပ် (၁၀၀) က စလို့ (၅၀၀) ကျပ်အထိ လူတိုင်းစားလို့အဆင်ပြေနိုင်မယ့် ဈေးနှုန်းနဲ့သာ ရောင်းနေတာလို့ ဆိုပါတယ်။

“ အန်တီက အရင်ကတည်းက (၁၀) ရပ်ကွက်၊ (၁၀)တောင် ရပ်ကွက် နဲ့ (၁၂) ရပ်ကွက် ဒီ (၃) ရပ်ကွက်ကိုပတ်ရောင်းနေရတာပေါ့။ အခုဆို ကြက်သားဈေးတွေ တက်ပေမယ့် ကိုယ့်မှာ ဈေးမတက်ရဲဘူး။ အခုထိ ကြက်သားတုန်းအကြီးတွေက တစ်ချောင်း(၅၀၀) ကျပ်၊ နှစ်ချောင်း(၅၀၀) တန် (တစ်ချောင်းတည်းယူရင် ၃၀၀ ပါ) ၊ တောင်ပံအသေးဆိုရင် (၃) ချောင်း (၅၀၀) ၊ ကြက်ခြေထောက်၊ ခေါင်း ၊ အရေပြား နဲ့ လည်ချောင်းလေးတွေက တစ်ချောင်းကို (၁၀၀) စီပဲ ရောင်းပါတယ်” လို့ Duwun ကို ပြောပါတယ်။

မချိုမာရဲ့ “ကြက်ကြော်” လှည်းလေးဟာ ညနေ (၂) နာရီ၊ (၃)နာရီလောက်က စပြီး ရပ်ကွက်ထဲကို တစ်လမ်းဝင် တစ်လမ်းထွက် လှည့်ရောင်းနေတာကို တွေ့ရမှာပါ။ မနက်(၅) နာရီကတည်းက ကုန်ကြမ်းယူ ဈေးရောင်းဖို့ ပြင်ဆင်၊ ဈေးထွက်ရောင်းပြီးလို့ အိမ်ပြန်တဲ့အချိန် နဲ့ သူ့ရဲ့နားချိန်ဟာ ည (၁၀) နာရီမှသာ အသက်ရှုရတော့တယ်လို့ သူက ပြောပါတယ်။ အသက်(၇၅) နှစ်အရွယ် မိခင်ဖြစ်သူ နဲ့ အသက်(၁၁) နှစ်အရွယ်သာ ရှိသေးတဲ့ သမီးငယ်လေးကို ဈေးရောင်းပြီး ရှာကျွေးနေရတဲ့ သူ့အတွက်ကတော့ ဒီလို အလုပ်ကို ပင်ပန်းတယ်လို့ မခံယူထားပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က