ဥရောပ MWC 2022 ထုတ်ကုန်ပြပွဲမှာ Honor ကလည်း ကုမ္ပဏီရဲ့ ပြောင်မြောက်လှတဲ့ Flagship ဖုန်းသစ်တွေကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
Honor ရဲ့ ၂၀၂၂ မော်ဒယ် Magic စီးရီးသစ် Magic 4 နဲ့ Magic 4 Pro တို့ကို ကြေညာလိုက်တာ ဖြစ်ပြီး ဖုန်းနှစ်မျိုးစလုံးမှာ တူညီတဲ့ Specs တွေ ပါဝင်နေပါတယ်။ Honor Magic 4 နဲ့ Magic 4 Pro တို့ဟာ Snapdragon 8 Gen 1 ၊ 50MP Main နဲ့ Ultrawide ကင်မရာတွေ သုံးထားပြီး Pro ဗားရှင်းကတော့ နာမည်အတိုင်း Pro ကျတဲ့ Features တွေနဲ့ ဆွဲဆောင်မှုလုပ်ထားပါတယ်။
Honor Magic 4 Pro ဟာ လေးဘက်ခုံး Quad-Curved ဒီဇိုင်း ၆.၈၁ လက်မ LTPO OLED Panel နဲ့ လာပြီး 1312 x 2848px ရုပ်ထွက် ပါရှိပါတယ်။ ရှေ့ Display ဒီဇိုင်းက ဘယ်အပေါ်ထောင့်နေရာမှာ ဆေးတောင့်ပုံ Pill-Shaped Cutout စတိုင်နဲ့လာပါတယ်။ ရှေ့ ကင်မရာ Cutout အိမ်ထဲမှာ 12MP Main ကင်မရာနဲ့ 3D Depth Sensor တို့ ထည့်သွင်းထားပါတယ်။ ရိုးရိုးမော်ဒယ်ကတော့ Single Punch-Hole ကင်မရာအိမ်နဲ့ 12MP Selfie ကင်မရာတစ်လုံးပဲ ပါရှိမှာပါ။
Screen ဟာ အလိုက်သင့် ပြောင်းလဲနိုင်တဲ့ Adaptive 120Hz Refresh Rate ပါရှိပြီး Screen တောက်ပမှု 1000 nits နဲ့ PWM Dimming လို့ ခေါ်တဲ့ လျှပ်စီးကြောင်းကို ချိန်ညှိဖို့ သုံးတဲ့ အလင်းမှိန်စနစ်ဟာ 1920Hz ပါရှိတယ်လို့လည်း ကုမ္ပဏီက ကြေညာပါတယ်။ ဒါဟာ စမတ်ဖုန်းဈေးကွက်ထဲမှာ ပထမဆုံး 1920Hz PWM Dimming ပါ LTPO Display သုံးထားတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ စင်ပေါ်မှာ ဒီနည်းပညာကို မိတ်ဆက်စဉ်က iPhone 13 Pro မှာ 480Hz PWM ပဲ သုံးထားကြောင်းပါ နှိုင်းယှဉ်ပြခဲ့တာပါ။
နောက်ထပ် စိတ်ဝင်စားစရာ ဆွဲဆောင်မှုတစ်ခုက ကျောဘက်က Eye Of Muse လို့ နာမည်ပေးထားတဲ့ ဧရာမစက်ဝိုင်းပုံ ကင်မရာအိမ်ပဲ ဖြစ်ပါတယ်။ စက်ဝိုင်းပုံ ကင်မရာအိမ် Cutout ကြီးထဲမှာ 1/1.56" 50MP Main Sensor ၊ 1/2.5" 50MP Ultrawide Sensor ၊ 3.5x Optical နဲ့ 100x Digital Zoom ထိ ဆွဲနိုင်တဲ့ 64MP Periscope Lens နဲ့ dTOF Sensor တစ်ခု သုံးထားပါတယ်။
Pro မော်ဒယ်နဲ့ မတူတဲ့ အချက်တစ်ခုက ရိုးရိုး Magic 4 မော်ဒယ်မှာ 5x optical နဲ့ 50x digital Zoom ရတဲ့ 8MP Tele lens နဲ့လာပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ ToF နဲ့ Flicker Sensor တို့ ပါပြီး Ultra Fusion ဓါတ်ပုံနည်းပညာ ၊ AI Color ၊ IMAX Enhanced 10bit 4K Video ကို 60fps နှုန်းနဲ့ ရိုက်ကူးနိုင်မ Movie Master တို့ ပါဝင်မယ်လို့ ဆိုပါတယ်။
Qualcomm ရဲ့ High-End Processor ဖြစ်တဲ့ Snapdragon 8 Gen 1 နဲ့အတူ RAM 12GB/512GB Storage အထိ ထွက်ထားပြီး GPU Turbo X ဂရပ်ဖစ်နည်းပညာလည်း ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ Honor Magic 4 Pro မှာ နောက်ထပ် ထူးခြားချက်တစ်ခုက Honor ရဲ့ SuperCharge Chargers တွေကနေ တစ်ဆင့် 100W Wired နဲ့ Wireless Charging အထိ အားသွင်းနိုင်တာပဲ ဖြစ်ပါတယ်။
100W Wired Charging က ဘက်ထရီပါဝါ 4600mAh သုံး Honor Magic 4 Pro ကို နာရီဝက်နဲ့ အားအပြည့်သွင်းပေးနိုင်ပြီး ကြိုးမဲ့အားသွင်းနည်းပညာနဲ့ဆို ၁၅ မိနစ်နဲ့ ဘက်ထရီအား ၅၀% အထိ သွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ 4800mAh ဘက်ထရီနဲ့လာတဲ့ Honor Magic 4 ကတော့ 66W Charging သုံးထားပါတယ်။ Honor Magic 4 Pro ဟာ IP68 Rating ပါပြီး ရိုးရိုးမော်ဒယ်မှာ IP54 Rating နဲ့လာပါတယ်။ တူတဲ့အချက်က ဒီမော်ဒယ်နှစ်မျိုးစလုံး Android 12 ကို အခြေခံထားတဲ့ Magic UI 6.0 နဲ့ ထွက်ထားတာပဲ ဖြစ်ပါတယ်။
Honor Magic 4 Pro ကို စိမ်းပြာ ၊ ရွှေ ၊ အဖြူနဲ့ အနက်ဆိုပြီး ကျောဘက် Glass မှန်အတွက် ကာလာ ၄ မျိုးနဲ့ လိမ္မော်ရောင် Vegan လယ်သာသားနဲ့တစ်ရောင်လည်း ထွက်ထားပါတယ်။ 8/256GB Base ဗားရှင်းကို ယူရို ၁၁၀၀ (မြန်မာငွေ ၂၂ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ ရိုးရိုးမော်ဒယ်ကတော့ ယူရို ၉၀၀ (မြန်မာငွေ ၁၈ သိန်းခန့်) ဈေး သတ်မှတ်ထားပါတယ်။