ဘက်ဂျက်ဖုန်းတစ်လုံးအတွက် 108MP ကင်မရာနဲ့ 120Hz AMOLED Display ပါခြင်းကပဲ Poco X4 Pro 5G ရဲ့ ထူးခြားချက်လို့ ပြောနိုင်ပါတယ်။
Xiaomi ပိုင် စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Poco ကနေ ဘာစီလိုနာမြို့မှာ ကျင်းပတဲ့ ဥရောပ MWC 2022 ပွဲမှာ Poco X4 Pro 5G နဲ့ Poco M4 Pro တို့ကို မိတ်ဆက်သွားပါတယ်။ ဒီဖုန်းနှစ်မျိုးစလုံးက ဈေးနှုန်းသက်သာပြီး ဆွဲဆောင်မှုအားကောင်းတဲ့ Mid-Range ဖုန်းတွေလို့ ပြောနိုင်ပါတယ်။ Poco X4 Pro 5G ကတော့ ယူရို ၃၀၀ (မြန်မာငွေ ၆ သိန်းဝန်းကျင်) ဈေးနဲ့ Flagship-Level ခံစားမှုပါ ပေးနိုင်တယ်လို့ ဆိုရမှာပါ။
Photo: gizmochina
Poco X4 Pro 5G ဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ဖြန့်ချိခဲ့တဲ့ X3 GT Poco ရဲ့ အဆက်ဖြစ်ပြီး ပါတဲ့ Specs ချင်းလည်း ဆင်ပါတယ်။ ဈေးကတော့ ပိုသက်သာပါတယ်။ Poco X4 Pro ဟာ ၆.၆၇ လက်မ AMOLED Display နဲ့ လာပြီး 2400 x 1080p FHD+ ရုပ်ထွက် ၊ 120Hz Refresh Rate ၊ 360Hz Sampling Rate တွေ ပါရှိပါတယ်။ DotDisplay လို့ ခေါ်တဲ့ Screen အပေါ် အလယ်တည့်တည့်နားမှာ Selfie အတွက် ကင်မရာပေါက်ပါလာပြီး ဖုန်းကိုယ်ထည်ဘောင်တွေက iPhone 12 နဲ့ 13 Series စတိုင် Flag Edge လေးထောင့်ဘောင်ပြားဒီဇိုင်း သုံးထားပါတယ်။
ကျောဘက်ကင်မရာဒီဇိုင်းဟာ Poco ရဲ့ Loco ပါ တစ်ခါတည်း ပါလာတဲ့ ဧရာမ ကျောဘက်အလျားလိုက် ကင်မရာ Module အိမ်နဲ့လာပြီး 108MP Main Sensor သုံးထားပါတယ်။ ဒီကင်မရာနဲ့အတူ နောက်ထပ် 8MP Ultra-Wide Lens နဲ့ 2MP Micro ကင်မရာဆိုပြီး ကင်မရာ Sensor ၃ လုံး ပါရှိမှာပါ။ ရှေ့ဘက် Punch-Hole ကင်မရာပေါက်ထဲမှာ 16MP Selfie ကင်မရာ ထည့်သွင်းထားပါတယ်။
Photo: The Verge
Processing Power အတွက် Poco X4 Pro သစ်ဟာ Octa-Core Snapdragon 695 5G Processor နဲ့လာပြီး 5000 mAh ဘက်ထရီအကြီးစားနဲ့လာပါတယ်။ Poco ရဲ့ အဆိုအရ ဒီဘက်ထရီဟာ ဗွီဒီယို Playback ၁၅ နာရီ ကြည့်နိုင်ပြီး စာဖတ်ရုံအတွက်ဆို ၂၅ နာရီအထိ အသုံးခံမယ်လို့ ပြောပါတယ်။ ဘက်ထရီအားသွင်းမှုပိုင်းမှာလည်း 67W Fast Charging နဲ့လာပြီး မိနစ် ၄၀ ကျော်နဲ့ အားအပြည့် သွင်းနိုင်မှာပါ။
Poco X4 Pro ကို အနက်ရောင် ၊ အပြာရောင်နဲ့ အဝါရောင် ကာလာ ၃ မျိုးနဲ့ လာပြီး 6/128GB ဗားရှင်းအတွက် ယူရို ၃၀၀ (မြန်မာငွေ ၆ သိန်းဝန်းကျင်) နဲ့ 8/256GB ဗားရှင်းကို ယူရို ၃၅၀ (မြန်မာငွေ ၇ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။