အယ်လ်ချီကို အဝေးကွင်းမှာ ၁-၂ နဲ့ အနိုင်ရပြီးနောက် ဇာဗီရဲ့ ဘာစီလိုနာဟာ ၁၁ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်တင်ပြီး အမှတ်ပေးဇယားအဆင့် ၃ နေရာကိုပါ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ သူ့လက်ထက်မှာ အသားကျလာတဲ့ ဘာစီလိုနာဟာ ဖာရန်းတောရက်စ်၊ ဒီပိုင်းရဲ့ပင်နယ်တီဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အဆိုးရွားဆုံးဘောလုံးရာသီလို့ အားလုံးက ပြောနေတဲ့အချိန်မှာ ထိပ်ဆုံး ၃ သင်းနေရာကို ဝင်ရောက်လာခဲ့တာပါ။
ယူရိုပါလိဂ်မှာလည်း နောက်တဆင့်ကို တက်ရောက်ထားပြီးဖြစ်တဲ့ ဘာစီလိုနာက တိုက်စစ်ပိုင်းမှာ ရွေးချယ်ကစားသမားတွေများပြားလာမှုနဲ့အတူ အားလုံးက ဂိုးသွင်းနိုင်စွမ်းရှိနေကြလို့ ရာသီအစကနဲ့ မတူကွဲပြားလာခဲ့ပြီဖြစ်ပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ မှန်ကန်တဲ့ လှုပ်ရှားမှုတွေပြုလုပ်ခဲ့မှု၊ ဇာဗီရဲ့ ကစားကွက်အောက်မှာ လိုက်လျောညီထွေဖြစ်လာမှုတွေနဲ့အတူ ရလဒ်ကောင်းတွေကိုပါ ပိုင်ဆိုင်လိုက်လာခဲ့တာဖြစ်ပါတယ်။
အခုဆိုရင် ဒုတိယနေရာက ဆီဗီလာထက် တပွဲလျော့ကစားထားပြီး ၇ မှတ်သာကွာဟတော့လို့ သူတို့က ထိပ်ဆုံး ၂ သင်းနေရာကိုတောင် မျှော်လင့်လို့ရနေပြီဖြစ်ပါတယ်။ ဒါဟာ လာလီဂါမှာ ရီးရဲလ်နဲ့ ဘာစီလိုနာတို့ပဲ ကြီးစိုးနေတဲ့အနေအထားကို အခက်ခဲဆုံးနှစ်မှာတောင် ဘာစီလိုနာက လုပ်ပြနိုင်ခဲ့တယ်လို့ မှတ်ကျောက်တင်ခံရမှာဖြစ်ပြီး အားလုံးကိုလည်း အံ့အားသင့်စေမှာဖြစ်ပါတယ်။
မက်ဆီထွက်ခွာသွားမှု၊ ဘဏ္ဍာရေးပြသနာတွေ၊ ကစားသမားလစာငွေပေးချေမှုအဆင်မပြေတာတွေရှိနေလို့ ပြသနာပေါင်းသောင်းခြောက်ထောင်ကို ဖြေရှင်းခဲ့ရတဲ့ ဘာစီလိုနာက အခုတော့ နေရာမှန်ကို ပြန်ရောက်ဖို့ တာစူနေပါပြီ။ ဇာဗီက အသင်းကိုအကောင်းဆုံးဖြစ်အောင် စီနီယာကစားသမားတွေ၊ လူငယ်ကစားသမားတွေ၊ ကစားသမားသစ်တွေနဲ့ တည်ဆောက်မှုကလည်း အဆင်ပြေချောမွေ့နေခဲ့ပြီဖြစ်ပါတယ်။