ကိုဗစ်ကာကွယ်ဆေးတွေကို အသက် (၁၈) နှစ်အထက်အတွက် ထုတ်လုပ်နိုင်လာပြီးတဲ့နောက်မှာ အခုဆိုရင် အသက် (၁၂) နှစ်အထက်ကလေးတွေအတွက်ရည်ရွယ်ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေ ထွက်ရှိလာပြီဖြစ်ပါတယ်။
မိဘတွေအနေနဲ့ ကိုယ့်ရဲ့ကလေးတွေကို ကာကွယ်ဆေး ထိုးပေးတော့မယ်ဆိုရင် သိထားသင့်တဲ့အရာတွေကို အထွေထွေရောဂါအထူးကု သမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်ကို Duwun ကမေးမြန်းဖြစ်ခဲ့ပါတယ်။
အသက် (၁၂) နှစ်နဲ့ (၁၈) နှစ်ကြား ကလေးတွေ ထိုးနိုင်တဲ့ဆေးအမျိုးအစားများ
“ WHO က အသက် (၁၂)နဲ့ (၁၈)နှစ်ကြားအတွက် အင်္ဂလန်နိုင်ငံကထုတ်တဲ့Pfizerကာကွယ်ဆေးကို ထိုးနှံဖို့ အသိအမှတ်ပြုထားပြီးဖြစ်တယ်။ အခုမြန်မာနိုင်ငံမှာထိုးနှံပေးနေတဲ့ အိန္ဒိယထုတ်ကာကွယ်ဆေးကတော့ (၁၈)နှစ်အထက်မှာပဲ လေ့လာမှုတွေထွက်ရှိထားဆဲဖြစ်တယ်။ တရုတ်ပြည်က ထုတ်တဲ့ Sinovac ဆေးကတော့ တရုတ်ပြည်မှာ အသက် (၁၂)နဲ့ (၁၈)ကြားကို ထိုးနှံဖို့ လေ့လာစမ်းသပ်မှုပြုလုပ်ထားတဲ့အခါ အကျိုးရှိတယ်လို့တွေ့တယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ကလည်း သိပ်မရှိဘူးဆိုတာကိုတွေ့ရှိထားတော့ သက်ဆိုင်ရာနိုင်ငံအလိုက် FDA ရရှိတာနဲ့ ထိုးလို့ရတယ်ပေါ့။
အခုမြန်မာနိုင်ငံက ကလေးတွေကို ထိုးနှံပေးတဲ့ တရုတ်ကာကွယ်ဆေးကလည်း သူတို့နိုင်ငံကသုတေသနပြုပြီး ကလေးတွေကိုလည်း ထိုးနှံပေးနေတဲ့ဆေးပါ။ အဲဒီတော့ အသက် (၁၂)အထက်ကလေးတွေကို ထိုးနှံပေးလို့ရတဲ့ ကာကွယ်ဆေးက အင်္ဂလန်နိုင်ငံထုတ် Pfizer ဆေးနဲ့ တရုတ်နိုင်ငံထုတ် Sinovac ဆေးအမျိုးအစားတွေ ထိုးနှံလို့ရတယ်”လို့ ဒေါက်တာမိုးအောင်ကျော်နိုင်က သုံးသပ်ပြောကြားပါတယ်။
ကလေးတွေကို ကာကွယ်ဆေးထိုးပေးတဲ့အခါ ဘယ်အချက်တွေ သတိထားရမလဲ
ကာကွယ်ဆေးထိုးမယ့် ကလေးတွေအနေနဲ့ ပထမအကြိမ်ဆေးထိုးတဲ့အခါမှာ ဓာတ်မတည့်တာတွေရှိခဲ့ရင် ဒုတိယအကြိမ်ကိုမထိုးနှံဖို့နဲ့ ကာကွယ်ဆေးမထိုးခင် ကလေးက ဖျားနာချောင်းဆိုးဖြစ်နေမယ်ဆိုရင်ကာကွယ်ဆေးကို မထိုးနှံသင့်ပါဘူး။
ဒါ့အပြင် ကိုဗစ်ရောဂါခံစားနေရပြီး အဆုတ်ရောင်၊ နှလုံးရောင်ပြီး သွေးခဲတဲ့ဓာတ်တွေများနေရင်လည်း ကာကွယ်ဆေးကို မထိုးနှံဖို့ ဒေါက်တာမိုးအောင်ကျော်နိုင်က အကြံပြုပြောကြားထားပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် အသက် (၁၈) နှစ်အထက် လူကြီးများကို အိန္ဒိယနိုင်ငံကထုတ်တဲ့ Covid Shield ကာကွယ်ဆေး၊ တရုတ်နိုင်ငံကထုတ်တဲ့ Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေကို ထိုးနှံပေးနေတာဖြစ်ပါတယ်။ အသက် (၁၂) နှစ်အထက်ကလေးတွေအတွက်ကိုတော့ တရုတ်နိုင်ငံကထုတ်တဲ့ Sinovac ဆေးကို ထိုးနှံပေးနေတယ်လို့ သိရပါတယ်။
Cover Photo- AFP