Realme ကတော့ ပိုပိုပြီး စိတ်လှုပ်ရှားရမယ့် စမတ်ဖုန်းသစ်တစ်မျိုးကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ကုန်ခါနီးက Realme ဟာ 90Hz OLED display သုံး Realme X2 Pro ကို မိတ်ဆက်ခဲ့ပြီး Realme X50 5G ကတော့ 120Hz refresh rate အမြင့်စား display ကို သုံးလာတာပါ။ မျက်နှာပြင် ၆.၅၇ လက်မရှိပြီး IPS LCD display သုံးထားပြီး အပြောင်းအလဲအနေနဲ့ dual-punch hole ဆယ်လ်ဖီကင်မရာတွေ ပါလာတာ ဖြစ်ပါတယ်။
Photo: GSMArena
20:9 aspect ratio သုံးထားပြီး Gorilla Glass 5 မှန် အုပ်ထားပါတယ်။ ကျောဘက်မှာတော့ ထောင်လိုက် ကင်မရာ ၄ လုံးတွဲပါရှိပြီး လက်ဗွေကို ဘေးဘောင်မှာ တပ်ဆင်ထားပါတယ်။ Realme X50 5G ဟာ Android 10 ကို အခြေခံထားတဲ့ Realme UI နဲ့ ပထမဆုံးထွက်လာတဲ့ ဖုန်းပါ။ ဘက်ထရီပါဝါ 4200 mAh ဟာ 30W VOOC 4.0 wired charging စနစ် သုံးထားပါတယ်။
ရှေ့ဘက်မှာ Sony IMX471 sensor သုံး 16MP ကင်မရာနဲ့ ၁၀၅ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 8MP wide-angle ကင်မရာနှစ်လုံး ပါရှိပါတယ်။ လေးလုံးတွဲကင်မရာကတော့ Realme နောက်ထွက်ဖုန်းတွေမှာ တွေ့လာရတဲ့ 64MP main sensor ၊ 12MP tele ၊ 8MP ultra-wide နဲ့ 2MP macro ကင်မရာတွေပါ။
Snapdragon 765G processor သုံးထားပြီး ကွန်ရက်ချိတ်ဆက်မှုမှာ SA/NSA 5G ကွန်ရက်စနစ်တွေ ပံ့ပိုးပေးထားပါတယ်။ ပိုမိုညက်ညောတဲ့ ဂိမ်းကစားမှုအတွေ့အကြုံတွေအတွက် display refresh rate အလိုက် GPU ကို ချိန်ညှိပေးမယ့် Game Boost စနစ် ပါရှိထားသလို motherboard မှာ အပူမလွန်ကဲစေဖို့ ၈ မီလီမီတာ ကြေးဝါအပူခံပြားတပ်ဆင်ထားပါတယ်။
Photo: xda-developers
Realme X50 5G ဟာ 8GB/128GB ၊ 6GB/256GB နဲ့ 12GB/256GB ဆိုပြီး ဗားရှင်း ၃ မျိုးနဲ့ ထွက်ထားပါတယ်။ ပင်လယ်ရေအရောင်နဲ့ ရေခဲရောင် ကာလာ ၂ မျိုး ဝယ်ယူနိုင်မှာ ဖြစ်ပြီး ကျောဘက်မှာ အလင်းကျတဲ့အပေါ် လိုက်ပြီး အရောင်ပြောင်းပေးနိုင်မယ့် 3D holographic ကိုယ်ထည် သုံးထားပါတယ်။
တရုတ်ဈေးကွက်မှာ Realme X50 5G ကို ၂၄၉၉ ယွမ် ( မြန်မာငွေ ၅ သိန်း ၂ သောင်းခန့်) ၊ ၂၆၉၉ ယွမ် ( မြန်မာငွေ ၅ သိန်း ၇ သောင်းခန့်) နဲ့ ၂၉၉၉ ယွမ် ( မြန်မာငွေ ၆ သိန်း ၃ သောင်းကျော်) ဈေးတွေနဲ့ ရောင်းချထားပါတယ်။