Lenovo ရဲ့ Motorola အမှတ်တံဆိပ်ကနေ ဒီဇိုင်းသပ်ရပ်ပြီး Upper Mid-Range ဆန်တဲ့ တန်ဖိုးသင့်ဖုန်းတစ်မျိုး ကြေညာလိုက်ပါတယ်။
Moto G71s ဟာ Motorola နဲ့ China Mobile တို့ ပေါင်းပြီး ထုတ်လုပ်ထားတာ ဖြစ်ပြီး Moto G82 5G နဲ့ တစ်ပုံစံတည်း ထွက်လာတာပါ။ တရုတ်ဈေးကွက်အတွက် Moto G82 5G လို့တောင် ပြောနိုင်ပါတယ်။ ဒီဇိုင်းပိုင်း တစ်ပုံစံတည်း ဖြစ်ပေမယ့် Specs အရ Moto G71s က နည်းနည်း ပိုမြင့်ပါတယ်။ ၆.၆ လက်မ OLED FHD+ Screen ဟာ 120Hz Refresh Rate ၊ 100% NTSC နဲ့ DCI-P3 Color Gamut အပြင် DC Dimming အလင်းတောက်ပမှုအထိန်းစနစ် ပါလာပါတယ်။
ဖျော်ဖြေရေးအနေနဲ့ Dolby Atmos စနစ်ပါ စတီရီယိုစပီကာတွေ ထည့်ပေးထားလို့ အသံပိုင်းအရလည်း စိတ်ချမ်းသာရဖို့ ရှိပါတယ်။ Processor ကို 6nm Snapdragon 695 5G Chipset သုံးထားပြီး RAM 8GB / 128GB Storage ဗားရှင်းနဲ့ ထွက်ပါတယ်။ လုံခြုံရေးအတွက် လက်ဗွေဖတ်စနစ်ကို ဘေးဘောင်ပါဝါခလုတ်ထဲမှာ ထည့်မြှပ်ပေးထားပါတယ်။ ဘက်ထရီပါဝါ 5000 mAh ဟာ 33W Fast Charging ပံ့ပိုးမှုနဲ့ ထွက်လာပါတယ်။
ရှေ့ မှန်အပေါ်အလယ် Punch Hole ကင်မရာပေါက်ထဲမှာ ၁၀၅ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 16MP Selfie ကင်မရာ တပ်ဆင်ထားပြီး ကျောဘက်ကင်မရာ Bump ထဲမှာ ထောင်လိုက် သုံးလုံးတွဲကင်မရာစနစ် ထည့်သွင်းထားပါတယ်။ ကင်မရာအနေနဲ့ OIS ရုပ်ငြိမ်စနစ်ပါ 50MP Main Sensor ၊ 8MP Ultrawide (၁၂၁ ဒီဂရီ) ကင်မရာနဲ့ 2MP Macro Cam တို့ သုံးထားပြီး Vlogging သုံးနိုင်တဲ့ဖုန်းဖြစ်လို့ အရှေ့အနောက် ကင်မရာတွေ သုံးပြီး ဗွီဒီယိုတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
ဆော့ဖ်ဝဲလ်ပိုင်းမှာ နောက်ဆုံးထွက် Android 12 အခြေခံ MYUI 3.0 OS နဲ့ လာပြီး Meteorite Black နဲ့ White Lily ကာလာနှစ်ရောင်နဲ့ ထွက်ထားပါတယ်။ 8/128GB ဗားရှင်းကို ဈေးနှုန်း ယွမ် ၁၇၀၀ (မြန်မာငွေ ၄ သိန်း ၇ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။