Samsung Galaxy S20 ရဲ့ တန်ဖိုးသင့် Fan Edition ဖုန်းသစ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။
Galaxy S20 FE ဟာ ပရီမီယံမော်ဒယ် Galaxy S20 ၊ S20 Plus နဲ့ S20 Ultra တို့ရဲ့ specs တွေကို ပြန်ချိန်ထားတဲ့ Affordable ဖုန်းလို့ ဆိုနိုင်ပါတယ်။ Samsung Galaxy S20 FE 5G ဗားရှင်းဟာ အရင် Galaxy S20 စီးရီးလိုပဲ Snapdragon 865 processor သုံးထားပါတယ်။ 4G ရိုးရိုးဗားရှင်းကတော့ Exynos 990 SoC နဲ့ လာပြီး LTE modem ပဲ ထည့်ပေးထားပါတယ်။
Photo: India TV News
Galaxy S20 FE ဟာ Screen Size အနေနဲ့ Galaxy S20 နဲ့ S20 Plus ကြား ဆိုဒ်လို့ ဆိုရမယ့် ၆.၅ လက်မ Super AMOLED display နဲ့ လာပြီး သုံးရသွက်လက်မြန်ဆန်ဖို့အတွက် 120Hz refresh rate နဲ့ ထွက်လာတာ ဖြစ်ပါတယ်။ တစ်ခြား Galaxy S20 စီးရီးတွေနဲ့ မတူတာက flat screen ဖြစ်ပြီး resolution လည်း 1080p+ ရုပ်ထွက်ပါရှိပါတယ်။
screenအပေါ် အလယ်နားမှာ 4-in-1 pixel binning ပါ 32MP punch hole ဆယ်လ်ဖီကင်မရာပါရှိပါတယ်။ အနီ ၊ လိမ္မော် ၊ လာဗင်ဒါ ၊ စိမ်းနု ၊ နက်ပြာ နဲ့ အဖြူ ကာလာ ၆ မျိုးနဲ့ လာပါတယ်။ screen အပြင် Galaxy S20 တွေနဲ့ ကွဲသွားတဲ့ အပိုင်းက ကင်မရာ နဲ့ ဘက်ထရီတို့ ဖြစ်ပါတယ်။
Galaxy S20 FE မှာ 25W fast charging ပံ့ပိုးထားတဲ့ 4500 mAh ဘက်ထရီနဲ့ လာပြီး reverse wireless charging လည်း သုံးနိုင်မှာပါ။ RAM 6GB ၊ microSD card ကနေ ဆက်မြှင့်နိုင်မယ့် storage နဲ့ IP68 rating ရေစိုခံမှု ပါလာပါတယ်။ in-display fingerprint reader ပါရှိပြီး Dolby အသံနည်းပညာပါတဲ့ AKG စတီရီယိုစပီကာတွေလည်း ပါရှိပါတယ်။
Photo: GSMArena
ကျောဘက်မှာ ထောင်လိုက် စတုဂံကင်မရာအိမ်နဲ့အတူ OIS ပါ 12MP sensor ၊ 12MP ultrawide နဲ့ 8MP telephoto ကင်မရာသုံးလုံးတွဲ သုံးထားပါတယ်။ Samsung ရဲ့ အဆိုအရ telephoto ဟာ 3x optical zoom ဆွဲနိုင်ပြီး 30x space Zoom feature ပါ ထည့်ပေးထားတယ်လို့ ဆိုပါတယ်။
Single SIM နဲ့ Dual SIM ဗားရှင်းနှစ်မျိုးနဲ့ လာပြီး SA/NSA ကွန်ရက်နှစ်မျိုးစလုံး ပံ့ပိုးနိုင်မယ့် 5G ဗားရှင်းလည်း ထွက််ထားပါတယ်။ 128GB storage (4Gဗားရှင်း) ကို ဂျာမနီမှာ ၆၃၃ ယူရို (မြန်မာငွေ ၉ သိန်း ၇ သောင်းကျော်) ဈေး ၊ 5G ဗားရှင်းကို ယူရို ၇၃၀ (မြန်မာငွေ ၁၁ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။