Apple စက်တင်ဘာထုတ်ကုန်သစ် မိတ်ဆက်ပွဲရဲ့ အဓိကထုတ်ကုန်သစ်တစ်ခုဖြစ်တဲ့ iPhone 13 Pro နဲ့ Pro Max တို့မှာ 120Hz refresh rate ပါလာပြီ ဖြစ်ပါတယ်။
iPhone 13 Pro နဲ့ 13 Pro Max တို့ဟာ ဒီဇိုင်းနဲ့ Screen Size အပြောင်းအလဲမရှိဘဲ ၆.၁ လက်မနဲ့ ၆.၇ လက်မဆိုဒ်တွေနဲ့ ထွက်လာတာပါ။ ဒီနှစ် iPhone သစ်တွေဟာ display ဧရိယာပိုကျယ်လာစေဖို့ notch ကို သေးထားတာ တွေ့ရပါတယ်။ display ပိုင်းမှာ ထူးခြားလာတာက 10Hz ကနေ 120Hz refresh rate တင်နိုင်တဲ့ ProMotion display သစ်နဲ့ လာတာ ဖြစ်ပါတယ်။ ဖုန်းကို scroll လုပ်တဲ့ speed နဲ့ ကိုက်အောင် Frame Rate ကို တိုက်ရိုက်ချိန်ညှိပေးမှာပါ။
Photo: MacRumors
တခြား Specs တွေအနေနဲ့ Six-Core CPU ပါ Apple A15 Bionic chipset သုံးထားပြီး GPU ပိုင်းမှာ Five-Core စနစ် ဖြစ်လို့ iPhone 13 ထက် GPU core တစ်ခု ပိုပါလာတာ တွေ့ရပါတယ်။ custom antennas နဲ့ radio components တွေ သုံးပြီး 5G band ကို အရင်ကထက် ပိုချိတ်ဆက်နိုင်မယ်လို့ ဆိုပါတယ်။ ကာလာအနေနဲ့ Graphite ၊ Gold ၊ Silver နဲ့ Sierra Blue ဆိုပြီး ကာလာသစ် ၄ မျိုးနဲ့ ထွက်ထားပါတယ်။
ဒီနှစ် iPhone သစ်တွေဟာ ကင်မရာစွမ်းဆောင်ရည်မြှင့်တင်မှုဘက်ကို အားပြုလာတဲ့ဖုန်းတွေလို့ ဆိုနိုင်ပါတယ်။ iPhone 12 Pro မှာ 77mm Telephoto ၊ Ultra Wide နဲ့ Wide Lens ဆိုပြီး ကင်မရာ ၃ လုံး သုံးသွားပါတယ်။ optical zoom range ကို 6x အထိ တင်နိုင်သလို ပုံရိပ်တစ်ခုကို 2cm အကွာကနေ အနီးကပ် closeup ရိုက်နိုင်မယ့် macrophotography နည်းပညာသစ် ပံ့ပိုးမှုလည်း ပါလာပါတယ်။ ကင်မရာအားလုံးက Night Mode support ပေးထားပြီး Macro Slo-Mo video ၊ Cinematic Mode စတဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်မှာပါ။
Photo: MacRumors
iPhone 13 နဲ့ 13 Mini တို့လိုပဲ iPhone 13 Pro နဲ့ 13 Pro Max တို့ဟာ အရင်မော်ဒယ်တွေထက် ဘက်ထရီအား ၁ နာရီခွဲနဲ့ ၂ နာရီခွဲကျော် အားခံမယ်လို့လည်း ဆိုပါတယ်။ အစောပိုင်းက သတင်းထွက်ခဲ့တဲ့အတိုင်း iPhone 13 Pro နဲ့ 13 Pro Max မော်ဒယ်တွေမှာ 1TB storage ဗားရှင်းသစ်လည်း ထွက်လာပါတယ်။ pre-order ကို ဒီတစ်ပတ် သောကြာနေ့ မှာယူနိုင်မှာ ဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်နေ့ ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။
Pro မော်ဒယ်ကို ၉၉၉ ဒေါ်လာ (မြန်မာငွေ ၁၉ သိန်းခန့်) နဲ့ Pro Max ကို ၁၀၉၉ ဒေါ်လာ (မြန်မာငွေ ၂၁ သိန်းခန့်) ဈေးတွေကနေ စတင်ရောင်းချသွားမှာပါ။