လူသန်းပေါင်းများစွာဟာ အရေးကြီးတဲ့ အကောင့်တွေမှာ ခန့်မှန်းဖို့လွယ်တဲ့ စကားဝှက်တွေ သုံးနေတယ်လို့ယူကေ အမျိုးသားဆိုက်ဘာလုံခြုံရေးစင်တာ NCSC က လုပ်တဲ့ သုတေသနမှာ ဖော်ပြထားပါတယ်။
Photo: The Independent
လူမှုကွန်ရက်များ အကြီးအကျယ်အားကောင်းနေတဲ့ ခေတ်မှာ privacy လုံခြုံရေးပေါက်ကြားမှုတွေကလည်း အဆက်မပြတ်ကြားနေရတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ ဒီလို ဖြစ်ရတဲ့ အကြောင်းရင်းတွေအများကြီး ရှိတဲ့ အထဲမှာ လုံခြုံရေး အားနည်းတဲ့ စကားဝှက်သုံးတာကလည်း တစ်ကြောင်း အပါအဝင် ဖြစ်ပါတယ်။ NCSC ရဲ့ လေ့လာမှုအရ လုံခြုံရေးကျိုးပေါက်သွားခဲ့တဲ့ အကောင့်တွေရဲ့ စကားဝှက်တွေထဲမှာ 123456 ဆိုတဲ့ စကားဝှက်ဟာ အသုံးအများဆုံးလို့ဆိုပါတယ်။
BBC သတင်းမှာ ဖော်ပြချက်အရ NCSC ဟာ ပေါက်ကြားခဲ့တဲ့ အကောင့်တွေထဲက public databases များကို ခွဲခြမ်းလေ့လာခဲ့ပြီး ဒီအကောင့်ပိုင်ရှင်တွေ ဘယ်လို စကားလုံးတွေ ၊ phrases နဲ့strings တွေ သုံးသွားသလဲဆိုတာကို ကြည့်ခဲ့တာလို့ဆိုပါတယ်။ ဒီစာရင်းမှာ လူပေါင်း ၂၃ သန်းဟာ 123456 ကို စကားဝှက်အဖြစ် သုံးခဲ့ပြီး 123456 ဂဏန်းဟာ လူသုံးအများဆုံး စကားဝှက်ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒုတိယမြောက် လူသုံးအများဆုံး စကားဝှက်ကတော့ 123456789 ဖြစ်ပြီး သူ့နောက်မှာ qwerty ၊ password နဲ့1111111 တို့က စကားဝှက်အဖြစ် အထားအများဆုံးလို့ဆိုပါတယ်။ စကားဝှက်တွေထဲမှာ လူနာမည်သုံးတဲ့ အကောင့်တွေလည်း ရှိပြီး ဒီထဲမှာ Ashley ၊ Michael ၊ Daniel ၊ Jessica နဲ့Charlie တို့က အသုံးအများဆုံး ဖြစ်နေပါတယ်။
Photo: SplashData
ပရီးမီးယားလိဂ်ဘောလုံးအသင်းတွေထဲမှာ လီဗာပူအသင်းဟာ အသင်းနာမည်ကို စကားဝှက်အဖြစ် သုံးတဲ့ အသင်းဖြစ်တယ်လို့လည်း NCSC က ဖော်ပြထားပါတယ်။ လူတော်တော်များများအနေနဲ့သူတို့ရဲ့အီးမေလ်း အကောင့်တွေမှာ ခန့်မှန်းဖို့မလွယ်တဲ့ စကားဝှက်တွေကို မသုံးဖြစ်ကြဘူးလို့လည်း ဆိုပါတယ်။
Hack ခံရတဲ့ အကောင့်တွေရဲ့ အချက်အလက် Database ကို ကိုင်တွယ်နေတဲ့ လုံခြုံရေးကျွမ်းကျင်သူ ထရွိုင်ဟန့်ကတော့ အွန်လိုင်းလုံခြုံရေးအတွက် စကားဝှက်ကောင်းကောင်းထားခြင်းဟာ အကြီးဆုံးနဲ့တစ်ခုတည်းသော ထိန်းချုပ်မှုလို့ပြောပါတယ်။
၂၀၁၇ ခုနှစ်က SplashData ဆိုက်ဘာလုံခြုံရေးကုမ္ပဏီကနေ ထုတ်ပြန်ခဲ့တဲ့ တစ်နှစ်တာရဲ့ အဆိုးဆုံး စကားဝှက်တွေထဲမှာ 123456 နဲ့password တို့က ထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်။