ဝက်သားတုတ်ထိုးကြိုက်နှစ်သူတွေအတွက် ငွေ (၁၃,၅၀၀) ကျပ်နဲ့ ဝက်သားတုတ်ထိုးကို အချိန်အကန့်အသတ်မရှိအဝစားလို့ရတဲ့ ဆိုင်လေးတစ်ဆိုင်နဲ့ Duwun ပရိသတ်တွေအတွက် မိတ်ဆက်ပေးချင်ပါတယ်။
ဝက်အစိတ်အပိုင်း (၁၀)မျိုးကျော်နဲ့ အရံဟင်း (၅)မျိုးပါဝင်တဲ့ဝက်သားတုတ်ထိုးဘူဖေး
ဝက်သားနဲ့ပတ်သက်ပြီး အစားများတဲ့ အစာအိမ်၊ အူချို၊ အသည်း၊ အသားစတဲ့ ဝက်အစိတ်အပိုင်း (၁၀) မျိုးကျော် ပါဝင်တဲ့အပြင် မာလာရှမ်းကော၊ ဝက်နံရိုးမီးတောက်၊ သင်္ဘောသီးထောင်း၊ ကြာဇံကြော်၊ ဝက်လက်ပေါင်း စတဲ့ ဝက်သားနဲ့ပတ်သက်တဲ့ ဟင်းတွေကိုပါ တစ်ဦးလျှင် (၁၃,၅၀၀)ကျပ်နဲ့ ဘူဖေး အဝစားရမယ့်ဆိုင်လေးဖြစ်ပါတယ်။
“ အစ်မတို့က အစားများတဲ့ဝက်အစိတ်အပိုင်းတွေထည့်ထားတယ်။ လူသိပ်မစားတဲ့ အဆီတို့ဘာတို့ဆို ထည့်တောင်မထည့်ပါဘူး။ Side dish တွေကတော့ (၈) မျိုးလောက်ထဲက အလှည့်ကျ (၅) မျိုးစီစဉ်ပေးထားတာပေါ့။ တစ်ချို့ရက်တွေဆို ဝက်အူစုံသည်းစုံကြော်သုပ်တို့ ဝက်နံရိုးကြော်တို့လည်း ပါတယ်။ နောက်ပြီး ဝက်သားတုတ်ထိုးစားရင်း ဟင်းရည်ပူပူလေး ကြိုက်နှစ်သက်သူတွေအတွက် ဂတ်စ်အိုးလေး ထားထားပေးတယ်။ ဂတ်စ်အိုးလေးပေါ်မှာ ဟင်းရည်ပူပူလေးနဲ့ ဝက်သားတုတ်ထိုးဗန်းလေးတင်ပြီး အပူပေးပြီး စားလို့ရတာပေါ့။ နောက်ပြီး အအီပြေအောင် လိုင်ချီး သံပုရာရည် ဖျော်ရည်တို့လည်း ထားပေးထားပါတယ်” လို့ ဝက်သားတုတ်ထိုးဘူဖေးရောင်းချသူ Baby Pork Stick ဆိုင်ရှင်က ဆိုပါတယ်။
စားသုံးသူတွေ စိတ်ချမ်းသာစေဖို့ ရည်ရွယ်တဲ့ဝက်သားတုတ်ထိုးဘူဖေး
ခုကာလမှာ ဝက်သားတုတ်ထိုးသွားဝယ်စားမယ်ဆိုရင် တစ်ချောင်း ၃၀၀၊ ၄၀၀ ကျပ်လောက် ကျသင့်နေတာကြောင့် စားသုံးသူတွေ ဝဝလင်လင်နဲ့ စားနိုင်အောင်ဆိုပြီးတော့ ဝက်သားတုတ်ထိုးဘူဖေး လေး ရောင်းချဖြစ်တာလို့ဆိုပါတယ်။
“ ကိုယ်တွေက ဝက်သားကြိုက်တော့ ဝက်သား တုတ်ထိုး သွားဝယ်စားမယ်ဆိုရင် အရသာကောင်းတဲ့ တုတ်ထိုးဆိုင်တွေဆိုရင် တစ်ချောင်းကို ၃၀၀ ၊ ၄၀၀ လောက်ရှိတယ်။ တစ်သောင်းလောက်ဆိုရင်တောင် စားလို့မဝဘူး။ ဝက်သားတုတ်ထိုးဘူးဖေးက ဘယ်သူမှလဲ မရောင်းဘူးတော့ စားသုံးသူတွေ ဝဝလင်လင်နဲ့စားလို့ရအောင် ဘူဖေးစနစ်နဲ့ စမ်းလုပ်ကြည့်တာပါ။ အဆင်ပြေ မပြေကတော့ စားသုံးသူတွေ လာရောက်ပြီး အားပေးကြပါလို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။
သန့်ရှင်းသပ်ရပ်မှုကို ဦးစားပေးတဲ့ဆိုင်လေး
ဘူဖေးဆိုပေမယ့်လည်း စားသုံးသူတွေ အကြိုက်တွေ့အောင် ဝက်သားကို သန့်စင်အောင်၊ အရသာကောင်းအောင် ချက်ပြုတ် ရောင်းချတယ်လို့ ဆိုပါတယ်။
“ ဝက်သားကို အလတ်ဆတ်ဆုံးနေရာကနေပြီးတော့ မှာယူတယ်။ ကုန်တိုက်တွေကနေ သန့်စင်ပြီးသားကိုဝယ်တယ်။ ကုန်ကြမ်းတွေဆိုရင်လည်း ယိုးဒယားက တိုက်ရိုက်မှာတယ်။ အဓိကကတော့ စားသုံးသူတွေကို စားလို့လည်း ကောင်း၊ ကျန်းမာရေးနဲ့လည်း ညီညွတ်အောင် လုပ်ထားပါတယ်။ အစ်မတို့ အချဉ်ရည်က အစ ကိုယ်တိုင်လုပ်တယ်။ ” လို့ဆိုပါတယ်။
ဝက်သားတုတ်ထိုးအပြင် ဟင်းအမျိုးပေါင်း (၅၀) ကျော်ရတဲ့ဆိုင်လေး
ဒီဆိုင်လေးမှာ ဝက်သားတုတ်ထိုးဘူဖေးအပြင် မူကထ၊ ပင်လယ်စာဟင်းပွဲအစုံ၊ ယိုးဒယား အစားအစာမျိုးစုံ စတဲ့ ဟင်းပွဲ အမျိုးအစား (၅၀) ကျော်လောက်ကို ဈေးနှုန်းအသင့်အတင့်နဲ့ရရှိနိုင်တဲ့ဆိုင်လေးဖြစ်ပါတယ်။
“ မူကထကို ကြက် ဝက် ပင်လယ်စာ အစုံကို မှ ၁၈,၀၀၀ ကျပ်နဲ့ ရောင်းချပေးတာပါ။ ပင်လယ်စာအစုံချက်ဟင်းပွဲဆိုလည်း တစ်ပွဲကိုမှ တစ်သောင်းခွဲပဲယူတယ်။ အဓိကကတော့ စားသုံးသူတွေကို ကိုယ်စားတဲ့ပုံစံမျိုး စားစေချင်တယ်။ တစ်သောင်းပေးပြီး စားရင် ဒီတစ်သောင်းနဲ့မကတဲ့ တန်တဲ့ စိတ်ခံစားမှုတွေကို ပေးချင်တယ်။ ” လို့ ဆိုပါတယ်။
ဝက်သားတုတ်ထိုးဘူဖေးစားချင်တဲ့သူတွေအတွက် လမ်းညွှန်
ဒီဆိုင်လေးကတော့ တာမွေမြို့နယ်၊ ကျောက်မြောင်း၊ အာသောကလမ်းနဲ့ ကျောချင်းကပ်ရပ်လမ်း၊ သူဌေးလမ်း၊ အမှတ် (၁၉) ဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ မနက် ၉ နာရီကနေ ည ၈ နာရီအထိ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဝက်သားတုတ်ထိုးဘူဖေး စားချင်တဲ့သူတွေအတွက်အပြင် ပင်လယ်စာဟင်းပွဲတွေကို မြည်းစမ်းချင်သူတွေအတွက် ဒီဆိုင်လေးကို သွားရောက်စားကြည့်ကြဖို့ လမ်းညွှန်ပေးလိုက်ပါတယ်နော်။