မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ရိန်းဂျားစ်တို့ရဲ့ ရာသီကြိုခြေစမ်းပွဲမှာ နောက်ခံလူသစ် ယိုရိုက ယူနိုက်တက်အတွက် ပထမဆုံး ပွဲထွက်ကစားပြီး ခြေစွမ်းပြခဲ့ပါတယ်။ ယိုရိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ လိုင်လီကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာပါ။
ယိုရိုအတွက် ယူနိုက်တက်တို့ လိုင်လီကို ပြောင်းရွှေ့ကြေး ယူရို (၆၂) သန်းအထိ ပေးချေခဲ့ရပါတယ်။ ဒါ့အပြင် (၁၈) နှစ်သား ဒီနောက်ခံလူကို ခေါ်ယူဖို့ ယူနိုက်တက်တို့ ရီးရဲလ်၊ ပီအက်စ်ဂျီတို့နဲ့အပြိုင် ကြိုးစားပြီး လက်ဦးမှုရယူခဲ့ရတာပါ။
ရိန်းဂျားစ်နဲ့ပွဲ ပထမပိုင်းမှာတင် ယိုရိုက ယူနိုက်တက်နောက်တန်းအတွက် တော်တော်လေး ခြေစွမ်းပြခဲ့တာပါ။ သပ်ရပ်ကောင်းမွန်တဲ့ ဘောလုံးပေးပို့မှုတွေ လုပ်ပြနိုင်ခဲ့တဲ့အပြင် ပြိုင်ဘက်ကစားသမား ဒက်ဆာ အိုနာနာကို ကန်သွင်းခွင့်မရအောင်လည်း ယိုရိုက ကာကွယ်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် သူ့ရဲ့မြန်နှုန်းနဲ့ သန်မာမှုတွေက ယူနိုက်တက်နောက်တန်းကို သိသိသာသာ ကောင်းမွန်စေခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေကလည်း ယိုရိုကို ချီးကျူးနေကြတာပါ။ ယူနိုက်တက်ပရိသတ်တွေက ယိုရိုက ထင်ထားတာထက်တောင် ပိုကောင်းနေကြောင်း၊ နောက်ခံလူတွေထဲမှာဆိုရင် ရိုးရွိုက်စ်အဆင့်ရှိကြောင်းအထိ အမျိုးမျိုးအမွှန်းတင်ပြောကြားနေကြတာပါ။