အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုကတော့ မနေ့ညက အယ်လ်အီတီဟတ်နဲ့ ဆော်ဒီပရိုလိဂ် ရာသီသိမ်းပွဲမှာ ခြေစွမ်းပြပြီး သွင်းဂိုးတွေ ထပ်မံသွင်းယူခဲ့ပြန်ပါတယ်။ ဒီပွဲမှာ ရော်နယ်ဒိုက အသင်းအတွက် နှစ်ဂိုးအထိ သွင်းယူပေးခဲ့တာပါ။
ဒီပွဲမှာလည်း အယ်လ်နာဆာက အယ်လ်အီတီဟတ်ကို ၄-၂ ဂိုးနဲ့ အနိုင်ရပြီး နိုင်ပွဲနဲ့အတူ ဆော်ဒီပရိုလိဂ်ရာသီကို ပိတ်သိမ်းနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ရော်နယ်ဒိုက ပြိုင်ဘက်နောက်ခံလူနဲ့ အပြိုင်ပြေးရင်း ရရှိလာတဲ့ အခွင့်အရေးကို အဆုံးသတ် ကန်သွင်းယူခဲ့တာပါ။
ဒုတိယပိုင်းမှာတော့ ရော်နယ်ဒိုက ထောင့်ကန်ဘောကတစ်ဆင့် အသင်းအတွက် ခေါင်းတိုက်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးက ရော်နယ်ဒိုအတွက် ဒီရာသီ ဆော်ဒီပရိုလိဂ်မှာ (၃၅) ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပြီး ဆော်ဒီပရိုလိဂ်မှာ တစ်ရာသီအတွင်း ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့ ခေါင်းတိုက်သွင်းဂိုး၊ စံချိန်ချိုးဖျက်နိုင်တဲ့ သွင်းဂိုးအတွက်လည်း အယ်လ်နာဆာရဲ့ အရန်ကစားသမားတွေကအစ ပြေးလာပြီး အောင်ပွဲခံပေးခဲ့ကြတာပါ။ ရော်နယ်ဒိုကတော့ ဆော်ဒီပရိုလိဂ်မှာပါ ဂိုးသွင်းဘုရင်ဖြစ်ခဲ့တာကြောင့် ကစားခဲ့သမျှ လိဂ်တိုင်းမှာ ရွှေဖိနပ်ဆု ဆွတ်ခူးနိုင်တဲ့ စံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ စီးရီးအေတို့မှာ ရွှေဖိနပ်ဆု ဆွတ်ခူးနိုင်ခဲ့ဖူးတဲ့ ကစားသမားပါ။ အခု ဆော်ဒီပရိုလိဂ်ကို ရောက်ချိန်မှာလည်း ရော်နယ်ဒိုက ဆော်ဒီပရိုလိဂ်ရဲ့ တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံး စံချိန်ကို ချိုးဖြတ်၊ ရွှေဖိနပ်ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။