OnePlus ရဲ့ T စီးရီး Flagship ဖုန်းသစ်တစ်လုံးဖြစ်တဲ့ OnePlus 10T ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
OnePlus 10 Pro ရဲ့ ဒီဇိုင်းနဲ့ Specs ကျောရိုးပြန်သုံးထားတဲ့ ဒီဖုန်းဟာ 120Hz Refresh Rate နဲ့ HDR10+ စံ ပါတဲ့ ၆.၇ လက်မဆိုဒ် FHD+ OLED Display နဲ့လာပြီး ကျောဘက်မှာလည်း 10 Pro စတိုင် ဧရာမကင်မရာ Bump ကြီး သုံးထားပါတယ်။ နောက်ဆုံးပေါ် Flagship ဖုန်းဖြစ်တဲ့အတိုင်း Qualcomm ရဲ့ Snapdragon 8+ Gen 1 Processor သစ် နဲ့ မောင်းနှင်ထားသလို OnePlus ထုတ်ကုန်တွေထဲမှာ အကြီးဆုံး 3D Cooling System နဲ့ ဖုန်းအတွင်းအစိတ်အပိုင်းတွေကို အအေးပေးသွားမှာပါ။
ဂိမ်းကို အသေအလဲကစားသူတွေအတွက် HyperBoost Gaming Engine တပ်ထားပြီး ဘက်ထရီရေရှည် အသုံးခံနိုင်ရေးအတွက်လည်း Battery Health Engine တစ်ခု ပါရှိပါတယ်။ Battery Health Engine ပါတာကြောင့် ဘက်ထရီကို Charging Cycles ၁၆၀၀ ပြည့်ပြီးမှ ဘက်ထရီစွမ်းရည် ၈၀% ကျမှာ ဖြစ်ပါတယ်။ ဘက်ထရီပါဝါ 4800mAh ဟာ မိနစ် ၂၀ အတွင်း အားအပြည့်သွင်းပေးနိုင်မယ့် 150W SuperVOOC Charging ပံ့ပိုးထားတယ်ဆိုပေမယ့် ဖုန်းဗူးထဲမှာ 160W power adapter တစ်ခု ထည့်ပေးထားတယ်လို့ ဆိုပါတယ်။
ကျောဘက်မှာ OIS ရုပ်ငြိမ်စနစ်ပါ 50MP Sony IMX766 Sensor ၊ 8MP Ultrawide နဲ့ 2MP Macro Lens တို့ သုံးထားပါတယ်။ ရှေ့ဘက်ကင်မရာအတွက် 16MP Selfie ပါရှိပြီး Moonstone Black နဲ့ Jade Green နှစ်ရောင်နဲ့ ထွက်ပါတယ်။ ဇူလိုင် ၂၅ ရက်နေ့ ဥရောပဈေးကွက်ကို တင်ပို့မှာ ဖြစ်ပြီး 8/128GB မော်ဒယ်ကို ယူရို ၇၀၀ (မြန်မာငွေ ၁၄ သိန်းခန့်) နဲ့ 12/256GB ဗားရှင်းကို ယူရို ၈၀၀ (မြန်မာငွေ ၁၆ သိန်းဝန်းကျင်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။