ဝန်ကြီးချုပ် အန်ဂျလာမာကယ်လ်ရဲ့ သမိုင်းဝင် ၁၆ နှစ်တာ အာဏာရရှိထားခဲ့မှု အဆုံးသတ်ခဲ့ပါတယ်

ဂျာမနီမှာ ဝန်ကြီးချုပ် အန်ဂျလာမာကယ်လ်ရဲ့ သမိုင်းဝင် ၁၆ နှစ်တာ အာဏာရရှိထားခဲ့မှု အဆုံးသတ်ပြီး နိုင်ငံကိုဦးဆောင်မယ့် ဝန်ကြီးချုပ်အပြောင်းအလဲ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

(ဂျာမနီအစိုးရအဖွဲ့သစ်) (Photo: EPA)

အိုလက်ဖ်စကိုးလ်က ဂျာမနီဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားကို ယနေ့ (ဒီဇင်ဘာ ၈ ရက်) အကျဥ်းချုံး ပြုလုပ်ခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။ အိုလက်ဖ်ကို ၎င်းရဲ့ ပါတီးသုံးခုပါဝင်တဲ့ ညွှန့်ပေါင်းအုပ်စုက အများစုနေရာရထားတဲ့ ဂျာမန်လွှတ်တော်မှာ ဝန်ကြီးချုပ်သစ်အဖြစ် မဲခွဲအတည်ပြုခဲ့ပါတယ်။



အိုလက်ဖ်ရဲ့ ဗဟိုလက်ဝဲ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (Social Democratic) က Greens ပါတီနဲ့ Free Democratic ပါတီတို့နဲ့အတူ အစိုးရတစ်ရပ် ဖွဲ့စည်းသွားမယ်လို့ ဆိုပါတယ်။ ဂျာမနီမှာ ယခုအပြောင်းအလဲက ဝန်ကြီးချုပ်ရာထူးကနေ စွန့်ခွာခဲ့ရသူ မာကယ်လ်ရဲ့ ၃၁ နှစ်တာ နိုင်ငံရေးသမားဘဝ အဆုံးသတ်မှုအဖြစ်လည်း ရှုမြင်ကြပါတယ်။

(ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် အိုလက်ဖ်ကို ဂုဏ်ပြုကြစဥ်) (Photo: Reuters)

ဂျာမန်ဝန်ကြီးချုပ်ဖြစ်လာတဲ့ အသက် ၆၃ နှစ်အရွယ် အိုလက်ဖ်ဟာ စကားပြောသိမ်မွေ့သူတစ်ဦးဖြစ်ပြီး စက်တင်ဘာလနှောင်းပိုင်း ရွေးကောက်ပွဲမှာ ဆိုရှယ်ဒီမိုကရက်တစ်ပါတီကို အနိုင်ရရန် ဦးဆောင်ခဲ့ပါတယ်။ အိုလက်ဖ်ဟာ မာကယ်လ်အစိုးရအဖွဲ့မှာ လက်ထောက်ဝန်ကြီးချုပ်အဖြစ် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဂျာမန်လွှတ်တော် Bundestag မှာ မဲခွဲဆုံးဖြတ်မှုအရ အိုလက်ဖ်ကို ဝန်ကြီးချုပ်အဖြစ် အတည်ပြုရန် ထောက်ခံမဲ ၃၉၅ မဲနဲ့ ကန့်ကွက်မဲ ၃၀၃ မဲ ရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရပါတယ်။ အိုလက်ဖ်ဟာ ဂျာမနီသမ္မတ Frank-Walter Steinmeier က ခန့်အပ်တဲ့ ၉ ဦးမြောက် ပြည်ထောင်စုဝန်ကြီးချုပ် ဖြစ်လာပါတယ်။

(မာကယ်လ်နှင့် အိုလက်ဖ်) (Photo: Reuters)

စက်တင်ဘာရွေးကောက်ပွဲ နောက်ပိုင်းကတည်းက အိုလက်ဖ်ရဲ့ပါတီက Greens နဲ့ Free Democratic ပါတီတို့နဲ့ ညွှန့်ပေါင်းအစိုးရဖွဲ့ရန် ညှိနှိုင်းဆောင်ရွက်နေခဲ့ပြီး အင်္ဂါနေ့ (ဒီဇင်ဘာ ၇ ရက်) မှာ သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဂျာမန်ဝန်ကြီးချုပ်ဖြစ်လာတဲ့ အိုလက်ဖ်နဲ့ ၎င်းရဲ့အစိုးရအဖွဲ့ဟာ နိုင်ငံမှာ ကြုံတွေ့နေရတဲ့ COVID-19 ကူးစက်မှုတိုက်ဖျက်ရေးကို ကနဦး ဦးစားပေးအဖြစ် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ယခုနောက်ဆုံး ထုတ်ပြန်ချက်အရ ဂျာမနီမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကပ်ရောဂါကူးစက်ခံရသူ နောက်ထပ် ၆၉,၆၀၁ နဲ့ သေဆုံးသူ ၅၂၇ ဦး တိုးလာခဲ့ပါတယ်။ အိုလက်ဖ်အစိုးရက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်သွားရန် ရည်မှန်းထားပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို အာရုံစိုက်ထားတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က