အာဖရိကဖလား ၁၆ သင်းအဆင့်မှာ အိမ်ရှင်ကင်မရွန်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကော်မိုရော့စ်အသင်းဟာ တော်တော်လေးအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အသင်းဂိုးသမားတွေဟာ ကိုဗစ်ကူးစက်ခံရမှု၊ ဒဏ်ရာပြသနာတွေရှိနေခဲ့ကြလို့ ဒီပွဲကို လွဲချော်ခဲ့ကြပြီး နောက်ခံလူ အယ်လ်ဟက်ဒါက ဂိုးသမားအဖြစ် ဝင်ရောက်ကစားပေးခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့် ၈၁ မိနစ်မှာ ကော်မိုရော့စ်တို့ ချေပဂိုးတဂိုးပြန်သွင်းနိုင်ခဲ့ပြီး အိမ်ရှင်ကို ပြန်ပြီးတုန်လှုပ်စေခဲ့ပါတယ်။ ဂိုးသမားတွေမကစားနိုင်လို့ နောက်ခံလူက ဝင်ဖမ်းပေး၊ အနီကတ်နဲ့တယောက်အထုတ်ခံရတာတောင် တဂိုးပြန်သွင်းပြီး ခြိမ်းခြောက်နိုင်ခဲ့တာပါ။ ၂-၁ နဲ့ အရေးနိမ့်ခဲ့လို့ ရလဒ်ရှုံးခဲ့ပေမယ့် သူတို့က ဂုဏ်သိက္ခာတော့ မရှုံးနိမ့်ခဲ့ပါဘူး။
ဂိုးသမားအဖြစ်ဝင်ကစားပေးခဲ့တဲ့ အယ်လ်ဟက်ဒါဟာ ၄ ကြိမ်အထိ ကာကွယ်နိုင်ခဲ့ပြီး ၃ ကြိမ်က ဧရိယာအတွင်းက ကန်ချက်တွေဖြစ်ပါတယ်။ ဘောလုံးထိချက် ၅၂ ကြိမ်ရှိခဲ့ပြီး ၂၈ ကြိမ်အထိ တိကျတဲ့ပေးပို့မှုတွေလုပ်နိုင်ခဲ့ကာ ၁၅ ကြိမ်က အဝေးကန်တင်မှုတွေလုပ်နိုင် ခဲ့လို့ လက်စွမ်းပြကစားပေးခဲ့တယ်လို့တောင် ဆိုရမှာဖြစ်ပါတယ်။ ကွာတားဖိုင်နယ်အဆင့်ကို သူတို့မတက်လှမ်းနိုင်ခဲ့ပေမယ့် အိမ်အပြန်ကတော့ ခေါင်းမော့ရင်ကော့နိုင်မှာ ဖြစ်ပါတယ်။