၁၆ သင်းအဆင့်ပွဲစဉ်တွေကတော့ စိတ်ဝင်စားဖို့ ပိုကောင်းလာပါပြီ။

ကမ္ဘာ့ဖလားအုပ်စု (က) နဲ့ (ခ) ပွဲစဉ်တ​ွေ ကစားအပြီးမှာတော့ နောက်တဆင့်ကို တက်ရောက်တဲ့ အသင်းတွေထွက်ပေါ်လာပြီး ဘယ်အသင်းတွေရင်ဆိုင်ရမလဲဆိုတာပါ သိခဲ့ရပါပြီ။ အုပ်စု (က) မှာတော့ ဟော်လန်က အုပ်စုဗိုလ်အဖြစ်ရှိခဲ့ပြီး အီကွေဒေါကို အနိုင်ကစားခဲ့တဲ့ ဆီနီဂေါက အုပ်စုဒုတိယနေရာ ရယူနိုင်ခဲ့ပါတယ်။ အီကွေဒေါကတော့ သရေကစားနိုင်ရုံနဲ့ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့မှာဖြစ်ပေမယ့်လည်း ဆီနီဂေါရဲ့ ညှစ်ထုတ်ကစားမှုကို တောင့်မခံနိုင်ခဲ့ဘဲ အရေးနိမ့်ခဲ့ရပါတယ်။ 

အိမ်ရှင်ကာတာကတော့ ပွဲတိုင်းအရေးနိမ့်ပြီး အုပ်စုနောက်ဆုံးနေရာမှာသာ ရှိနေခဲ့ပါတယ်။ အုပ်စု (ခ) မှာတော့ အင်္ဂလန်က အုပ်စုပထမ၊ အမေရိကန်က အုပ်စုဒုတိယနေရာရခဲ့ပါတယ်။ ဒီအုပ်စုကလည်း အုပ်စု (က) နဲ့ အလားသဏ္ဍာန်တူနေခဲ့ပြီး အီရန်တို့ သရေကစားနိုင်ရင်ကို နောက်တဆင့်တက်မှာဖြစ်ပေမယ့် အမေရိကန်က ပူလီဆစ်ရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရပြီး ဒုတိယနေရာကို ယူသွားခဲ့ပါတယ်။ 

လာမယ့် စနေနေ့မှာတော့ နယ်သာလန်နဲ့ အမေရိကန်၊ တနင်္ဂနွေနေ့မှာ အင်္ဂလန်နဲ့ ဆီနီဂေါတို့ ရင်ဆိုင်ရတော့မှာပါ။ ဆာဒီယိုမာနေးမပါဝင်ပေမယ့် ဆီနီဂေါကတော့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာ တော်တော်လေးချီးကျူးရပါမယ်။ အင်္ဂလန်အတွက်လည်း ပြိုင်ဘက်ကောင်းတသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး​ ပေါ့ဆရင်တော့ အိမ်ပြန်စောမယ့်ကိန်းဆိုက်ပါလိမ့်မယ်။ 

ဟော်လန်ကလည်း ခံစစ်ပိုင်းမာကျောတဲ့ အမေရိကန်နဲ့ ရင်ဆိုင်ရမှာပါ။ ကစားသမားအင်အားနဲ့ ကစားဟန်မှာ ဟော်လန်က သာလွန်နေပေမယ့် အမေရိကန်က ပင်နယ်တီဂိုးတဂိုးကလွဲရင် ပေးဂိုးမရှိအောင် ကစားထားနိုင်တဲ့အသင်းပါ။ ခြေစွမ်းပြနေတဲ့ ဂက်ခ်ပိုတို့အုပ်စု အမေရိကန်ခံစစ်ကို ဘယ်လိုမျိုးထိုးဖောက်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ 


ဒီနေ့မှာတော့ နောက်ထပ်အုပ်စုပွဲစဉ်တွေကို ဆက်လက်ကစားမှာဖြစ်ပြီး ဘယ်အသင်းတွေ နောက်တဆင့်တက်ပြီး ဘယ်အသင်းတွေ ထွက်ခွာရမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ 


Share

Loading Next Article...
က္က