နိုင်ငံ ၆၀ မှ ကာကွယ်ဆေးထိုးထားပြီးသား ခရီးသွားတွေကို ဝင်ခွင့်ပြုလိုက်ပြီး ဟိုတယ်ကွာရန်တင်းဝင်ရန်လည်း မလိုအပ်ဘူးလို့ ဆိုပါတယ်

ထိုင်းနိုင်ငံက COVID-19 ကန့်သတ်ချက်အရ ပြည်ပခရီးသွားဝင်ရောက်မှုကို ၁၈ လကြာ ပိတ်ပင်ထားခဲ့ရာမှ ပြန်လည်ဝင်ရောက်ခွင့်ပြုလိုက်ပြီဖြစ်ရာ ထောင်နဲ့ချီတဲ့ ခရီးသွားများ ယနေ့ (နိုဝင်ဘာ ၁ ရက်) စတင်ရောက်ရှိလာမယ်လို့ မျှော်လင့်ထားပါတယ်။

(ပြည်ပခရီးသွားတွေ ပြန်ဝင်ရောက်လာသည့် သုဝဏ္ဏဘူမိလေဆိပ်) (Photo: AFP)

ထိုင်းအစိုးရက ကူးစက်မှုအန္တရာယ်နည်းတဲ့ နိုင်ငံ ၆၀ မှ ကာကွယ်ဆေးထိုးထားပြီးသား ခရီးသွားတွေကို ဝင်ခွင့်ပြုလိုက်ပြီး ဟိုတယ်ကွာရန်တင်းဝင်ရန်လည်း မလိုအပ်ဘူးလို့ သိရပါတယ်။ ခရီးသွားလုပ်ငန်း ပြန်ဖွင့်လိုက်ပြီဖြစ်ရာ လာမယ့်နှစ်အတွင်း ထိုင်းနိုင်ငံကို ခရီးသွား ၁၅ သန်းအထိ ဝင်ရောက်နိုင်ကြောင်းနဲ့ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ ဝင်ငွေရရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။



ဥမင်လှိုဏ်ခေါင်းအဆုံးမှာ အရမ်းမှိန်ပျတဲ့ အလင်းရောင်လေးတစ်ခု မြင်နေရသလိုပါပဲ၊ ကျွန်တော်တို့ အလုပ်မလုပ်နိုင်တာ ၂ နှစ်ရှိပြီ

သို့သော် လူဦးရေ ၄၂ ရာခိုင်နှုန်းဝန်းကျင်သာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားပြီးဖြစ်တဲ့ ထိုင်းနိုင်ငံမှာ နေရာအတော်များများကို ကန့်သတ်ချက်တွေ သတ်မှတ်ထားဆဲလို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ နေ့စဥ် COVID-19 ကူးက်ခံရသူ ၁၀,၀၀၀ နီးပါး တိုးလာနေဆဲ ဖြစ်ပါတယ်။

(ခရီးသွားတွေ စတင်ဝင်ရောက်လာသည့် သုဝဏ္ဏဘူမိလေဆိပ်မြင်ကွင်း) (Photo: Getty Images)

"ဥမင်လှိုဏ်ခေါင်းအဆုံးမှာ အရမ်းမှိန်ပျတဲ့ အလင်းရောင်လေးတစ်ခု မြင်နေရသလိုပါပဲ၊ ကျွန်တော်တို့ အလုပ်မလုပ်နိုင်တာ ၂ နှစ်ရှိပြီ" လို့ ဧည့်လမ်းညွှန်ဖြစ်သူ Chaiyagorn Bonyapak က BBC သတင်းဌာနကို ပြောပါတယ်။ နိုင်ငံတကာခရီးသွားများ ပြန်ဝင်ခွင့်ပြုလိုက်ပြီဖြစ်ပေမဲ့ ၎င်းနဲ့ ၎င်းရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ဧည့်သည်တွေနဲ့ ခရီးသွားကုမ္ပဏီတွေက ဆက်သွယ်လာတာ မရှိသေးဘဲ ခရီးသွားလုပ်ငန်းတွေ ပြန်လည်ပတ်ချိန်အထိ တစ်လကြာနိုင်သေးကြောင်း Chaiyagorn Bonyapak က ဆိုပါတယ်။

"အစိုးရက ခရီးသွားလုပ်ငန်းအတွက် နိုင်ငံကို အဆင်ပြေပြေ ပြန်ဖွင့်နိုင်မလား ကျွန်တော်တို့ မသိဘူး၊ ဒါပေမဲ့ သူတို့ လုပ်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်၊ အလုပ်ပြန်လုပ်ရမှာကို အရမ်းဝမ်းသာတယ်" လို့ ဧည့်လမ်းညွှန် Chaiyagorn Bonyapak က ဖွင့်ဟခဲ့ပါတယ်။ COVID-19 ကပ်ရောဂါကြောင့် ယခင်က နှစ်စဥ် ခရီးသွား သန်း ၄၀ ဝင်ရောက်လေ့ရှိတဲ့ ထိုင်းနိုင်ငံရဲ့စီးပွားရေး များစွာထိခိုက်ခဲ့ပါတယ်။ ယမန်နှစ်အတွင်း ထိုင်းသို့ ခရီးသွားဝင်ရောက်မှုဟာ ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ကြောင်း သိရပါတယ်။

(သုဝဏ္ဏဘူမိလေဆိပ်အတွင်း မြင်ကွင်းတစ်ခု) (Photo: AFP)

ခရီးသွားလုပ်ငန်းပြန်ဖွင့်မှုအဖြစ် ဘန်ကောက်မြို့နဲ့ ဖူးခက်ကျွန်းရှိ လေဆိပ်တွေ ပထမဆုံး ပြန်ဖွင့်လိုက်ပြီး ဗြိတိန်၊ တရုတ်၊ ဂျပန်၊ အမေရိကန်နဲ့ ဥရောပနိုင်ငံအများစုမှ ခရီးသွားတွေကို ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။ ထိုင်းအစိုးရက ကပ်ရောဂါမတိုင်မီ ခရီးသွားလုပ်ငန်းဝင်ငွေပမာဏကို ၂၀၂၃ ခုနှစ်မှာ ပြန်လည်ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။

အစိုးရက ခရီးသွားလုပ်ငန်းအတွင် နိုင်ငံကို အဆင်ပြေပြေ ပြန်ဖွင့်နိုင်မလား ကျွန်တော်တို့ မသိဘူး၊ ဒါပေမဲ့ သူတို့ လုပ်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်၊ အလုပ်ပြန်လုပ်ရမှာကို အရမ်းဝမ်းသာတယ်

သို့သော် ကျွမ်းကျင်သူတွေကတော့ တရုတ်နိုင်ငံက နယ်စပ်များ ဆက်လက်ပိတ်ပင်ထားမှုက ထိုင်းခရီးသွားလုပ်ငန်း နာလန်ပြန်ထူရေးမှာ နှောင့်နှေးစေလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။ COVID-19 ကပ်ရောဂါမတိုင်မီက ထိုင်းနိုင်ငံကို ခရီးသွားလာရောက်မှုမှာ တရုတ်နိုင်ငံက အများဆုံးဖြစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း တရုတ်ခရီးသွား ၁၂ သန်း လာရောက်ခဲ့ကြပါတယ်။

Share

က္က