ယူနိုက်တက်ပရိသတ်တွေဟာ ရာသီကြိုပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ ယူနိုက်တက်လေ့ကျင့်ရေးကွင်းက (၁၈) နှစ်အရွယ် ကြယ်ပွင့်လေး Mainoo ရဲ့ ခြေစွမ်းနဲ့ပတ်သက်လို့ စိတ်လှုပ်ရှားနေကြောင်း သိရှိရပါတယ်။ ယူနိုက်တက်ဟာ ရာသီသစ်အတွက် လေ့ကျင့်ပြင်ဆင်မှုတွေကို လက်ရှိအချိန်မှာ အစပြုနေပြီဖြစ်ပါတယ်။
နိုင်ငံတကာပွဲ သွားကစားထားရတဲ့ ကစားသမားအချို့ကို အသင်းဘက်က အားလပ်ရက် ပိုပေးထားပေမယ့် အချို့သော ကစားသမားတွေက အသင်းနဲ့အတူ လာရောက် ပူးပေါင်းပြီး လေ့ကျင့်ခန်းဆင်းလျက်ရှိပါတယ်။ ဒီလိုမျိုး လေ့ကျင့်ရေးကွင်းက ဗီဒီယိုတစ်ခုမှာ ကွင်းလယ်ကစားသမားလေး Mainoo က စီနီယာကစားသမား ဖရက်ဒ်ရဲ့ ဖိအားပေးမှုကို ခံနေရသည့်တိုင် ဘောလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ ကိုင်ကစားကာ ဖြန့်ဝေပြနိုင်ခဲ့ပါတယ်။
ဒီလိုမျိုး Mainoo ရဲ့ စွမ်းဆောင်မှုအပေါ် ယူနိုက်တက်ပရိသတ်တွေက သဘောကျနေပြီး ရာသီသစ်မှာ ဒီဆယ်ကျော်သက်လေးက အသင်းမှာ ပိုမိုနေရာရလာမယ်လို့ မျှော်လင့်နေပါတယ်။ ပရိသတ်တွေက “Mainoo က ကြံ့ခိုင်မှုပိုင်းအရ အသင့်ဖြစ်နေပြီး ဖရက်ဒ် သူ့ကို ဖိအားပေးနေတာကို ရင်ဆိုင်ပုံက ဒါကို မြင်တွေ့ခဲ့ရပါတယ်” “သူ့ရဲ့ ဘောလုံးအပေါ် အမြင်က သူ့ရဲ့ အားသာချက်ပါပဲ”
“ကျွန်တော့်အမြင်ကို ပြောရရင် ဖရက်ဒ်က သူ့ကို ဖိအားပေးဖို့ ပြေးမလာခင်မှာတင် သူက ခန္ဓာကိုယ်ကို ယိမ်းညွှတ်ထားပြီး သူ့ကိုယ်သူ ကာကွယ်ပြီးဖြစ်နေပါတယ်” “ပြီးခဲ့တဲ့ရာသီမှာ ဂါနာချို ပေါ်ထွန်းခဲ့သလိုမျိုး လာမယ့်ရာသီသစ်မှာလည်း Mainoo ပေါ်ထွန်းလာဖို့ မျှော်လင့်နေပါတယ်။ သူက အခုကတည်းက ပုံစံကောင်းပြနေပါတယ်” လို့ အသီးသီးမှတ်ချက်ပေးခဲ့ပါတယ်။
Mainoo ဟာ အသက် (၉) နှစ်ကတည်းက ယူနိုက်တက်ကို ရောက်ရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ဇန်နဝါရီက ကစားခဲ့တဲ့ ချာလ်တန်နဲ့ ကာရာဘောင်ဖလားပွဲမှာ အသင်းကြီးအတွက် ပထမဆုံးပွဲဦးထွက်ကို ကစားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲဦးထွက်အဖြစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ကစားခဲ့တဲ့ လက်စတာနဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပြီး သူက အသင်းနဲ့လည်း နှစ်ရှည်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။