ဘာစီလိုနာဟာ အသင်းရဲ့ကြယ်ပွင့်ကစားသမားလေး ပတ်ဒရီကို စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး ဒီစာချုပ်သစ်မှာလည်း စာချုပ်ပါလျော်ကြေး ယူရို (၁) ဘီလီယံကိုထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ နာမည်ကျော်ဂျာနယ်လစ် ရိုမာနိုက ပြောပါတယ်။
အသက် (၁၈) နှစ်သာရှိသေးတဲ့ ပတ်ဒရီဟာ ပြီးခဲ့တဲ့ (၂၀၂၀) မှာ လက်စ်ပါးမားစ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့ပြီး အချိန်တိုအတွင်းမှာပဲ ဘာစီလိုနာရဲ့ အဓိက,ကစားသမားဖြစ်လာခဲ့တာပါ။ ပတ်ဒရီဟာ စပိန်လက်ရွေးစင်အသင်းကြီးနဲ့အတူ ယူရို- ၂၀၂၀၊ စပိန်ယူ- ၂၃ နဲ့အတူ တိုကျိုအိုလံပစ်တို့ကို ပြီးခဲ့တဲ့ နွေရာသီမှာ ဆက်တိုက်ဆင်နွှဲခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိဘောလုံးရာသီ စတင်ချိန်မှာလည်း အားလပ်ရက်အများကြီးမယူဘဲ အသင်းနဲ့ ပြန်လည်ပူးပေါင်းပေးခဲ့ပါတယ်။ ဘာစီလိုနာရဲ့ လတ်တလော အခြေအနေဆိုးတွေကြောင့် ထွန်းတောက်လာမယ့် ဒီကွင်းလယ်ကစားသမားလေးကို ပစ်မှတ်ထားတဲ့အသင်းတွေရှိနေပါတယ်။
အဲ့ဒါကြောင့်လည်း ဘာစီလိုနာက ပတ်ဒရီကို လျင်လျင်မြန်မြန်နဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ်သစ်အရ ပတ်ဒရီအနေနဲ့ (၂၀၂၆) ဇွန်အထိ ဘာစီလိုနာမှာဆက်ရှိနေမှာပါ။ အသင်းက စာချုပ်လျော်ကြေးကို ယူရိုသန်း (၆၀၀) သတ်မှတ်ချုပ်ဆိုခဲ့တယ်လို့ဆိုပေမယ့် ရိုမာနိုကတော့ တကယ်တမ်း ပတ်ဒရီရဲ့ စာချုပ်ပါလျော်ကြေးက ယူရို (၁) ဘီလီယံအထိရှိတယ်လို့ဆိုလာပါတယ်။
ဒီစာချုပ်ပါလျော်ကြေးကြောင့် ပတ်ဒရီဟာ ရီးရဲယ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာနဲ့အတူ ကမ္ဘာပေါ်မှာ စာချုပ်လျော်ကြေးအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဘန်ဇီမာကလည်း ပြီးခဲ့တဲ့ သြဂုတ်ကမှ ရီးရဲယ်မက်ဒရစ်နဲ့ စာချုပ်သစ်ချုပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့စာချုပ်သစ်မှာလည်း အခုလိုမျိုး လျော်ကြေး ယူရို (၁) ဘီလီယံကို ထည့်သွင်းချုပ်ဆိုခဲ့တာပါ။
ဒီလိုမျိုး မြင့်မားတဲ့လျော်ကြေးငွေစာချုပ်တွေကို စပိန်ဘောလုံးလောကမှာတော့ “ရှိတ်ခ်ဆန့်ကျင်ရေး” စာချုပ်တွေလို့ ခေါ်တဲ့အကြောင်း Goal သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ စပိန်ကလပ်တွေဟာ ငွေကြေးနဲ့အင်အားကြီးမားလာတဲ့ မန်စီးတီး၊ PSG တို့ရဲ့ရန်ကနေ သူတို့ရဲ့ ကစားသမားတွေကို ကာကွယ်ပေးနိုင်ဖို့ အခုလိုမျိုး “ရှိတ်ခ်ဆန့်ကျင်ရေး” စာချုပ်တွေကို ကစားသမားတွေနဲ့ ချုပ်ဆိုလာကြတာဖြစ်ပါတယ်။