အသက် ၃၆ နှစ်အရွယ် အမျိုးသားကို ပြန်ပေးဆွဲမှုနဲ့ ဆက်စပ်တဲ့ပြစ်မှုများဖြင့် စွဲချက်တင်လိုက်ပါတယ်

ဩစတြေးလျမှာ ၁၈ ရက်ကြာ ပျောက်ဆုံးနေခဲ့ပြီးနောက် အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့တဲ့ အသက် ၄ နှစ်အရွယ် ကလီယိုစမစ် အမည်ရှိ ကလေးမလေးကို ပြန်ပေးဆွဲခေါ်ဆောင်ထားမှုဖြင့် အမျိုးသားတစ်ဦးကို ယနေ့ (နိုဝင်ဘာ ၄ ရက်) စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။

ထိုအမျိုးသားကို စစ်ဆေးမေးမြန်းပြီး ပြန်ပေးဆွဲမှုနဲ့ ဆက်စပ်နေတဲ့ ပြစ်မှုများဖြင့် စွဲချက်မတင်မီ ၎င်းဟာ ကိုယ့်ကိုယ်ကိုယ် အနာတရဖြစ်စေရန် လုပ်ဆောင်ထားတာကြောင့် ဒဏ်ရာများကို ကုသရန်အတွက် ဆေးရုံသို့ နှစ်ကြိမ်ပို့ဆောင်ခဲ့ရကြောင်း Western Australia ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။



(ကလီယိုကို ရဲအရာရှိတွေ ပြန်ရှာတွေ့ခဲ့စဥ်) (Photo: WA Police)

အသက် ၃၆ နှစ်အရွယ် Darrell Kelly အမည်ရှိ အမျိုးသားကို ကာနာဗွန်မြို့ရှိ တရားရုံးမှာ ယနေ့ ရုံးထုတ်ခဲ့ပြီး အသက် ၁၆ နှစ်အောက် ကလေးတစ်ဦးကို အတင်းအကျပ် သို့မဟုတ် လိမ်လည်၍ ခေါ်ဆောင်ထားမှု သို့မဟုတ် သွေးဆောင်ဖြားယောင်းမှုဖြင့် စွဲချက်တင်လိုက်ပါတယ်။ ကလီယိုဟာ ကာနာဗွန်မြို့အနီး စခန်းချနေရာတစ်ခုရှိ သူမမိသားစုရဲ့ ရွက်ဖျင်တဲကနေ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ကလီယိုတို့မိသားစုက Quobba Blowholes စခန်းချနေရာကို အားလပ်ရပ် စခန်းချခရီးထွက်လာခဲ့ကြတာဖြစ်ပြီး သူမဟာ အောက်တိုဘာ ၁၆ ရက် မနက် ၁ နာရီခွဲနဲ့ ၆ နာရီကြားမှာ ပျောက်ဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ကလီယိုကို ရဲအရာရှိများအပါအဝင် အင်အားအများအပြားနဲ့ သီတင်းနှစ်ပတ်ကျော်ကြာ အပူတပြင်း လိုက်လံရှာဖွေနေခဲ့ကြပြီးနောက် ယမန်နေ့ (နိုဝင်ဘာ ၃ ရက်) အစောပိုင်းက သော့ပိတ်ထားတဲ့ နေအိမ်တစ်အိမ်အတွင်း အသက်ရှင်လျက် ကျန်းကျန်းမာမာနဲ့ ပြန်ရှာတွေ့ခဲ့ပါတယ်။

(ကလီယိုကို ပြန်ရှာတွေ့ခဲ့ပြီးနောက် သူမ၏မိခင်နှင့်အတူ တွေ့ရစဥ်) (Photo: AP)

ကလီယိုကို ရှာဖွေရာမှာ လေကြောင်း၊ ရေကြောင်းနဲ့ မြေပြင်နေရာအနှံ့ လိုက်လံရှာဖွေခဲ့ကြပြီး CCTV မှတ်တမ်းတွေကိုလည်း စစ်ဆေးခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က စုဆောင်းရရှိခဲ့တဲ့ သဲလွန်စများကို လေ့လာဆန်းစစ်ခဲ့ရာမှ ကာနာဗွန်မြို့ရှိ နေအိမ်တစ်အိမ်ကို ခြေရာခံမိခဲ့ကြတယ်လို့ ဆိုပါတယ်။

ကလီယိုကို ထိုအိမ်အတွင်းရှိ အခန်းတစ်ခန်းထဲမှာ ရဲအရာရှိတွေက ပြန်ရှာတွေ့ခဲ့ကြပါတယ်။ "သူတို့ ကလီယိုလေးကို အခန်းတစ်ခန်းထဲမှာ ရှာတွေ့ခဲ့ကြတယ်၊ ရဲအရာရှိတစ်ယောက်က သူမကိုပွေ့ချီပြီး 'နာမည်ဘယ်လိုခေါ်လဲ' လို့မေးတော့ သူမက 'ကျွန်မနာမည် ကလီယိုပါ' လို့ ပြန်ဖြေခဲ့တယ်" လို့ Western Australia ရဲတပ်ဖွဲ့မှ လက်ထောက်အကြီးအကဲ Col Blanch က ပြောပါတယ်။

ကလီယိုကို ပြန်ရှာတွေ့ခဲ့တဲ့ နေအိမ်ဟာ ကာနာဗွန်မြို့ရှိ သူမရဲ့မိသားစုနေအိမ်ကနေ ကားမောင်းသွားပါက ၆ မိနစ်ခန့် အကွာအဝေးမှာ ရှိပါတယ်။ ကာနာဗွန်မြို့လေးဟာ လူဦးရေ ၅,၀၀၀ ခန့် နေထိုင်ကြတဲ့ ကမ်းရိုးတန်းမြို့လေးတစ်မြို့ ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က