အိန္ဒိယက ၂၀၂၀ ခုနှစ် မတ်လမှစပြီး ခရီးသွားဗီဇာထုတ်ပေးမှု ရပ်ဆိုင်းထားခဲ့ပါတယ်

အိန္ဒိယနိုင်ငံက COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ပြည်ပခရီးသွားများ ဝင်ရောက်မှုကို ၁၉ လကြာ ပိတ်ထားခဲ့ရာမှ ယခုအခါ ပြန်လည်ဝင်ရောက်ခွင့်ပြုသွားတော့မှာ ဖြစ်ပါတယ်။

အိန္ဒိယမှာ နေ့စဥ် ကူးစက်မှုနှုန်းများ လျော့ကျလာပြီး အာဏာပိုင်တွေက ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးနေခဲ့ရာ ပြည်ပခရီးသွားတွေကိုလည်း ပြန်လက်ခံသွားတော့မယ်လို့ ဆိုပါတယ်။ သို့သော် စီးပွားဖြစ်လေကြောင်းလိုင်းတွေရဲ့ ပုံမှန်လေယာဥ်ခရီးစဥ်တွေကို ခွင့်ပြုမှာမဟုတ်သေးဘဲ အထူးလေယာဥ်ဖြင့် လာရောက်ကြမယ့် COVID-19 ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးသား ပြည်ပခရီးသွားတွေကိုသာ ဝင်ရောက်ခွင့်ပြုအုံးမယ်လို့ သိရပါတယ်။



(Photo: Getty Images)

ယနေ့ (အောက်တိုဘာ ၁၅ ရက်) မှစပြီး အိန္ဒိယက အထူးလေယာဥ်ခရီးစဥ်ဖြင့် လာရောက်ကြမယ့် ခရီးသွားတွေအတွက် ခရီးသွားဗီဇာများ ထုတ်ပေးနေပြီ ဖြစ်ပါတယ်။ ပုံမှန်လေကြောင်းခရီးစဥ်ဖြင့် လာရောက်သူတွေကိုတော့ လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့မှစပြီး ဝင်ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။ ယနေ့ ရောက်ရှိလာကြတဲ့ ပြည်ပခရီးသွားတွေဟာ ၁၉ လအတွင်း အိန္ဒိယကို ပထမဆုံး ဝင်ခွင့်ရကြသူတွေ ဖြစ်လာပါတယ်။

၂၀၂၀ ခုနှစ် မတ်လမှစပြီး ခရီးသွားဗီဇာထုတ်ပေးမှု ရပ်ဆိုင်းထားခဲ့ကာ ဝန်ကြီးချုပ်မိုဒီ အစိုးရက COVID-19 ကူးစက်မှုထိန်းချုပ်ရန် နယ်စပ်တွေကို ပိတ်ပင်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း သံတမန်တွေနဲ့ ပြည်ပစီးပွားရေးလုပ်ငန်း တာဝန်ရှိသူတွေအတွက် ဗီဇာအချို့ ပြန်ထုတ်ပေးခဲ့ပါတယ်။

(Photo: Getty Images)

အိန္ဒိယမှာ COVID-19 နေ့စဥ် ကူးစက်မှုအသစ် ၂၀,၀၀၀ ခန့် စစ်ဆေးတွေ့ရှိနေရဆဲဖြစ်ပြီး အဆိုးဆုံးဖြစ်ပွားခဲ့စဥ်က တစ်ရက်လျှင် ကူးစက်မှုအသစ် ၄၀,၀၀၀ တွေ့ခဲ့ရာမှ လျော့ကျသွားခဲ့တာလည်း ဖြစ်ပါတယ်။ ယခုအခါ အိန္ဒိယအစိုးရက ကာကွယ်ဆေးထိုးရန် အကျုံးဝင်တဲ့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး တစ်ကြိမ်ထိုးပေးပြီးဖြစ်ကြောင်း သိရပါတယ်။

အိန္ဒိယအစိုးရက ပြည်ပခရီးသွားများ ပြန်လည်လက်ခံရန် စတင်ဆောင်ရွက်နေပြီဖြစ်ပေမဲ့ ကျွမ်းကျင်သူတွေကတော့ ကျော်ကြားတဲ့ ခရီးသွားနေရာတွေဟာ COVID-19 အဓိက ပျံ့နှံ့မှုဖြစ်စေတဲ့ နေရာတွေဖြစ်လာနိုင်ကြောင်း သတိပေးထားကြပါတယ်။ အစိုးရရဲ့ စာရင်းအချက်အလက်တွေအရ ယမန်နှစ်အတွင်းက အိန္ဒိယကို ပြည်ပခရီးသွား ၂.၇၄ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ၂၀.၉၃ သန်းကနေ ဝင်ရောက်ခဲ့ရာမှ ကပ်ရောဂါ ဂယက်ရိုက်မှုကြောင့် သိသာစွာ လျော့ကျသွားခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။

Share

Loading Next Article...
က္က