ဆွာရက်ဇ်ရဲ့ ခြေစွမ်းကတော့ တကယ့်အံ့မခန်းပါပဲ။

ဂရီမီယိုတိုက်စစ်မှူးဆွာရက်ဇ်ကတော့ ဒီမနက်ကစားခဲ့တဲ့ ဘရာဇီးလ်လိဂ်ပွဲမှာ ထူးရှယ်ခြေစွမ်းကို ပြသသွားခဲ့ပါတယ်။ အသက် ၃၇ နှစ်ပြည့်တော့မယ့် ဆွာရက်ဇ်က ၁၉ မိနစ်အတွင်းမှာပဲ ဟက်ထရစ်သွင်းယူကာ ၃-၁ နဲ့ အရေးနိမ့်နေတဲ့ အသင်းကို နိုင်ပွဲရအောင် ကူညီပေးသွားခဲ့ပါတယ်။ ပွဲကစားချိန် ၄၇ မိနစ်မှာ ဂရီမီယိုက ၃-၁ နဲ့ အရေးနိမ့်နေတာဖြစ်ပြီး ဆွာရက်ဇ်ရဲ့ မှော်ဝင်ခြေစွမ်းက သူတို့ကို အံ့အားသင့်ဖွယ်ရာ နိုင်ပွဲရစေခဲ့ပါတယ်။ 



အမှတ်ပေးဇယားထိပ်ဆုံးက ဘိုတာဖိုဂိုအတွက် ဒီပွဲရှုံးနိမ့်မှုက တော်တော်လေးအထိနာခဲ့ပြီး ဂရီမီယိုကတော့ အမှတ်ပေးဖလားကို ရယူနိုင်မယ့် မျှော်လင့်ချက်တွေ ရှင်သန်ခဲ့ပါတယ်။ လက်ရှိမှာ ဘိုတာဖိုဂိုက တပွဲလျော့ကစားထားပြီး တပွဲပိုကစားထားတဲ့ ဂရီမီယိုနဲ့ ရမှတ်တူနေတာပါ။ အမှတ်ပေးဖလားအတွက်တော့ အသင်းပေါင်း ၅ သင်းအထိ အပြိုင်အဆိုင်ဖြစ်နေကာ ထိပ်ဆုံးမှာ ရမှတ်တူဦးဆောင်နေတာ ၃ သင်းရှိပြီး ပါးမီးယက်စ်လည်း ပါဝင်နေပါတယ်။ 



ဆွာရက်ဇ်ဟာ ၃ ဂိုးစလုံးကို သူ့ရဲ့ အားထုတ်မှုတွေကနေပဲ ရယူခဲ့တာပါ။ တိုက်စစ်နေရာစုံမှာ လိုက်ကစားပြီး အသင်းဖော်တွေနဲ့ ချိတ်ဆက်ကာ ပြိုင်ဘက်ခံစစ်တန်းကို မွှေနှောက်ပြီး ဧရိယာတွင်း ကန်ချက်တွေနဲ့ ချေပဂိုး၊အနိုင်ဂိုးတွေ ရယူခဲ့ပါတယ်။ ဆွာရက်ဇ်ရဲ့ ၁၉ မိနစ်အတွင်း မှော််အောင်ခဲ့မှုကို ဘိုတာဖိုဂိုနောက်ခံလူတွေမထိန်းနိုင်ခဲ့ဘဲ ဂိုးတွေပေးခဲ့ရကာ ဥရုဂွေးတိုက်စစ်မှူးကြီးအတွက်တော့ တကယ့်အမှတ်တရဖြစ်နေမယ့် ပွဲပါပဲ။ 

ဒီဂိုးးတွေကြောင့် ဒီရာသီ ဘရာဇီးလ်လိဂ်မှာ ဆွာရက်ဇ်က သွင်းဂိုး ၁၄ ဂိုးအထိ ရရှိထားကာ ထိပ်ဆုံးက ဥိးဆောာင်နေတဲ့ ပေါ်လင်ဟိုနဲ့ ၃ ဂိုးသာ ကွာဟပါတော့တယ်။ ၂၀၂၄ မှာ အင်တာမိုင်ယာမီကို ပြောင်းရွှေ့ဖို့ သဘောတူညီထားတဲ့ ဆွာရက်ဇ်က ဂရီမီယိုကို အမှတ်ပေးဖလားရအောင် ယူပေးနိုင်ခဲ့မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ လက်ကျန် ၆ ပွဲသာ လိုတော့တာဖြစ်ပြီး အသင်းပေါင်း ၅ သင်းလောက် အပြိုင်ဖြစ်နေတာမို့ ဘရာဇီးလ်လိဂ်ကလည်း အရှိန်အတက်ဆုံးဖြစ်နေပါတယ်။ 


Share

Loading Next Article...
က္က