ချဲလ်ဆီးပရိသတ်တွေဟာ ပရီးမီးယားလိဂ်က အန်ဇို ဖာနန်ဒက်ဇ်ရဲ့ အဝေးကွင်းခြေစွမ်းအပေါ် ထင်ဟပ်စေတဲ့ ကိန်းဂဏန်းအချက်အလက်တွေကို ထုတ်ဖော်ခဲ့တဲ့အတွက် အရှက်ရစရာ ဖြစ်ခဲ့ကြပါတယ်။
ချဲလ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတန် ဗီလာအသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အမှတ်ပေးဇယားအဆင့် ၁၁ နေရာကို ကျဆင်းသွားခဲ့တာဖြစ်ပြီး အသင်းပိုင်ရှင် တော့ဒ် ဘိုလီက နည်းပြပေါ့တားကို ထုတ်ပြီး လမ်းပတ်ကို ယာယီနည်းပြခန့်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
၂၀၂၂-၂၀၂၃ တစ်ရာသီလုံး ချဲလ်ဆီးအသင်း ရုန်းကန်ခဲ့ရမှုဟာ အားလုံးသိပြီးသားဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ ပရီးမီးယားလိဂ် တရားဝင်တွစ်တာအကောင့်က အနောက်လန်ဒန်ကလပ်အသင်းရဲ့ အရှက်ရစရာ အဝေးကွင်းစွမ်းဆောင်ရည်ကို မရည်ရွယ်ဘဲ ထုတ်ဖော်သလို ဖြစ်ခဲ့တာဖြစ်ပါတယ်။
“ဒီရာသီမှာ ဘယ်ချဲလ်ဆီးကစားသမားကမှ အန်ဇို ဖာနန်ဒက်ဇ်(၂ ကြိမ်)ထက် အဝေးကွင်းသွင်းဂိုးတွေမှာ တိုက်ရိုက်ပါဝင်ပတ်သက်မှု ပိုမိုပြုလုပ်နိုင်ခြင်းမရှိခဲ့ပါဘူး။ အာဂျင်တီးနားကစားသမားဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ ပထမဆုံးအဝေးကွင်းပွဲစဉ်ကို ပါဝင်ကစားပေးခဲ့တာပါ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် ဘင်ဖီကာကြယ်ပွင့်ဟောင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလကမှ အသင်းကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပေမယ့်လည်း အသင်းမှာရှိနေတာ ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ ချဲလ်ဆီးကစားသမားတွေအားလုံးထက် အဝေးကွင်းသွင်းဂိုး ပါဝင်ပတ်သက်မှု ပိုများခဲ့တာဖြစ်ပါတယ်။
ဒီအချက်က ချဲလ်ဆီးအသင်းဟာ နည်းပြ ဂရေဟမ် ပေါ့တားလက်အောက်မှာ ကစားခဲ့တဲ့ ကာလအတွင်း ဘယ်လောက်အထိ ရုန်းကန်ခဲ့ရလဲဆိုတာကို မီးမောင်းထိုးပြသလို ဖြစ်ခဲ့တာဖြစ်ပြီး လူမှုကွန်ရက်ပေါ်က ချဲလ်ဆီးပရိသတ်တွေအတွက် အရှက်ရစရာဖြစ်ခဲ့တာဖြစ်ပါတယ်။
ပရိသတ်တစ်ဦးက “ဒီပို့စ်ကို အခုချက်ချင်း ဖျက်လိုက်ပါ”လို့ တောင်းဆိုခဲ့ပြီး နောက်ထပ် ပရိသတ်တစ်ဦးကလည်း “ငါတို့တွေက ဟာသကြီးကို ဖြစ်လို့”လို့ မှတ်ချက်ပေးခဲ့ပါတယ်။
Share