၃၄ နှစ်အရွယ် အမျိုးသမီးက ၂၀၁၉ ခုနှစ်မှာ ဖင်လန်နိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်

ဖင်လန်နိုင်ငံမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက သမိုင်းမှတ်တမ်းဝင်ပြီး ထူးခြားတဲ့အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်လာခဲ့ပါတယ်။ ဖင်လန်နိုင်ငံ သမိုင်းတလျှောက် အသက်အငယ်ဆုံး အမျိုးသမီး ဝန်ကြီးချုပ်သစ်ရှိလာခဲ့ပြီး ညွန့်ပေါင်းအစိုးရသစ်ကို အသက် ၃၄ နှစ်ကျော် တစ်ဦးတည်းသာပါဝင်တဲ့ အမျိုးသမီး ၅ ဦးက ဦးဆောင်လာခဲ့တာ ဖြစ်ပါတယ်။

ဖင်လန်ရဲ့ အသက်အငယ်ဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သူကတော့ Social Democratic ပါတီမှ အသက် ၃၄ နှစ်အရွယ် စန်နာမာရင် (Sanna Marin) ပါ။ ၁၉၈၅ ခုနှစ်မှာ မွေးဖွားခဲ့ပြီး လက်ရှိ အသက် ၃၆ နှစ်အရွယ် လူငယ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ သူမက ချောမောလှပသလို ၂၀၁၅ ခုနှစ်ကတည်းက ဖင်လန်လွှတ်တော်အမတ်ဖြစ်ပြီး ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူပါ။



ငယ်ပေမဲ့ ထက်ထက်မြက်မြက်ရှိသူ

မာရင်က အသက် ၁၅ နှစ်အရွယ်မှာကတည်းက မုန့်ဖုတ်သူအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ အထက်တန်းကျောင်းပြီးတဲ့နောက်မှာ ငွေကိုင်စာရေးအဖြစ် အလုပ်ရခဲ့ပါတယ်။ မာရင်ဟာ သူမရဲ့ မိသားစုထဲမှာ ပထမဆုံး တက္ကသိုလ်တက်ခွင့်ရခဲ့သူဖြစ်ပြီး University of Tampere ကနေ အုပ်ချုပ်ရေးသိပ္ပံဘွဲ့ရရှိခဲ့ပါတယ်။

အသက် ၂၀ အရွယ်မှာ မာရင်က နိုင်ငံရေးနယ်ပယ်ကို ဝင်ရောက်ခဲ့ပြီးနောက် Social Democratic ပါတီ အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ မာရင်ဟာ အသက် ၂၇ နှစ်အရွယ်မှာTampere မြို့ကောင်စီဥက္ကဌအဖြစ် ရွေးချယ်ခံခဲ့ရသလို နောက် ၃ နှစ်အကြာ သူမရဲ့အသက် ၃၀ အရွယ်မှာပင် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတဲ့အထိ သူမရဲ့ နိုင်ငံရေး အရည်အချင်းကို ပြသနိုင်ခဲ့သူပါ။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူ

ဝန်ကြီးချုပ်ဖြစ်လာတဲ့ မာရင်ရဲ့ အဓိက ဦးစားပေးလုပ်ငန်းတွေထဲမှာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အဖြေရှာရေးက ထိပ်ဆုံးကနေ ပါဝင်ပါတယ်။ ဝန်ကြီးချုပ်အဖြစ် နိုင်ငံကိုပြောကြားတဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာလည်း မာရင်က ဖင်လန်နိုင်ငံကို "ဘဏ္ဍာရေးတာဝန်ရှိမှု၊ လူမှုရေးသာတူညီမျှရှိမှုနဲ့ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံတဲ့ လူ့အဖွဲ့အစည်း" ဖြစ်စေချင်ခဲ့တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ မာရင်ရဲ့ ရည်မှန်းချက်က ဖင်လန်ကို ၂၀၃၅ ခုနှစ်မှာ ကာဗွန်ထုတ်လွှတ်မှုမရှိတဲ့နိုင်ငံ ဖြစ်စေရန်လို့ ဆိုပါတယ်။ မာရင်ဟာ သက်သတ်လွတ်စားသူတစ်ယောက်လည်း ဖြစ်ပါတယ်။

လိင်တူစုံမက်သူ စုံတွဲက ပြုစုပျိုးထောင်ပေးခဲ့သူ

ဖခင်ဖြစ်သူ အရက်စွဲမှုနဲ့ ငွေရေကြေးရေးပြဿနာတွေကြောင့် မာရင်ရဲ့မိဘတွေ ကွာရှင်းခဲ့ကြပါတယ်။ ထို့နောက်မှာတော့ မာရင်ကို သူမရဲ့မိခင်နဲ့ မိခင်ဖြစ်သူရဲ့ အမျိုးသမီး လက်တွဲဖော်တို့က ပြုစုပျိုးထောင်ခဲ့ကြပါတယ်။ မာရင်က ကိုယ့်ကိုယ်ကိုယ် ရိန်းဘိုးမိသားစု "rainbow family" ကနေ လာခဲ့သူလို့ ပြောလေ့ရှိပါတယ်။

ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ၂၀၂၀ ခုနှစ်မှာ မာရင်က ၁၆ နှစ်ကြာတွဲလာခဲ့တဲ့ သူမရဲ့ချစ်သူ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားဟောင်း Markus Raikkonen နဲ့ လက်ထပ်ခဲ့ပါတယ်။ မာရင်နဲ့ Markus Raikkonen တို့ဟာ ၂၀၁၈ ခုနှစ်မှာ သမီးလေး အမ်မာ (Emma) ကို မွေးဖွားခဲ့ပါတယ်။

ဂုဏ်ပြုခံရမှုများ

ဖင်လန်ဝန်ကြီးချုပ်မာရင်ကို BBC သတင်းဌာနက ၂၀၂၀၂ ခုနှစ် BBC's 100 Women စာရင်းမှာ ထည့်သွင်းရွေးချယ်ခဲ့ပါတယ်။ ထို့အတူ Forbes မဂ္ဂဇင်းရဲ့ ဩဇာလွှမ်းမိုးမှုအရှိဆုံး အမျိုးသမီး ၁၀၀ စာရင်းမှာလည်း မာရင် ပါဝင်ခဲ့ပါတယ်။ မာရင်ဟာ ၂၀၂၀ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) ရဲ့ Young Global Leader ဖြစ်ခဲ့ပါတယ်။

Ref: Wikipedia, SCMP, BBC

Photo: Sanna Marin, Pirkkala High School


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က