အပြောင်းအရွှေ့ရာသီရောက်တိုင်း ရော်နယ်ဒို အိမ်ကိုပြန်လာတော့မယ်၊ မန်ချက်စတာမြို့ဟာ ရော်နယ်ဒိုရဲ့နှလုံးသားတည်ရှိရာနေရာဆိုတဲ့စကားလုံးတွေကို ပရိသတ်တွေ ရိုးအီနေအောင်ကြားခဲ့ရတော့ ဒီတစ်ခေါက် ရော်နယ်ဒို အမှန်တကယ်အိမ်ပြန်လာချိန်မှာ မယုံနိုင်အောင်ဖြစ်ခဲ့ကြသလို ယူနိုက်တက်ပရိသတ်တွေ အပျော်ကြီးလည်းပျော်ခဲ့ကြပါတယ်။
ရော်နယ်ဒို ဂျူဗင်တပ်စ်က ထွက်ချင်ပြီဆိုတဲ့သတင်းတွေ ထွက်လာချိန်မှာတောင် ကစားသမားနှစ်ယောက်အတွက် ယူရိုသန်း (၁၀၀) ကျော်သုံးထားပြီးတဲ့ ယူနိုက်တက်ရပ်ဝန်းက စိတ်ဝင်စားမှုမရှိဘဲ အတော်လေးငြိမ်သက်ခဲ့တာပါ။ ဒါပေမယ့် မန်စီးတီးကို ရော်နယ်ဒိုပြောင်းတော့မယ်၊ သေချာသလောက်ဖြစ်နေပြီ၊ ရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့ချ်မန်ဒက်စ်နဲ့ မန်စီးတီးတို့ ဆွေးနွေးနေပြီဆိုတဲ့အသံတွေထွက်လာချိန်မှာတော့ မြို့ခံပြိုင်ဘက် ယူနိုက်တက်တို့သွေးဆူလာခဲ့ပါတယ်။
ဒါဟာ အသင်းကတန်ဖိုးထားခဲ့တဲ့၊ ပရိသတ်တွေက တန်ဖိုးထားနေဆဲ ကစားသမားတစ်ယောက် ဒီလိုမျိုးမြို့ခံပြိုင်ဘက် မန်စီးတီးမှာ သွားကစားတာကို လက်မခံချင်တဲ့ ယူနိုက်တက် DNA လို့ဆိုရင်မမှားပါဘူး။ ဘရူနိုဖာနန်ဒက်စ်အပြင် ယူနိုက်တက်ကစားသမားဟောင်းတွေက ရော်နယ်ဒိုကို စည်းရုံးဖို့ကြိုးစားခဲ့ကြပြီး လေ့ကျင့်ရေးကွင်းမှာလည်း ယူနိုက်တက်ကစားသမားတွေက ရော်နယ်ဒိုကိုခေါ်ယူဖို့ မလှုပ်ရှားတဲ့အပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ကြတာပါ။
တစ်ချိန်တည်းမှာပဲ ရော်နယ်ဒိုအတွက် ဖခင်သဖွယ်ဖြစ်နေတဲ့ ဖာဂူဆန်ကိုယ်တိုင် ဒီကစားပွဲထဲဝင်ပါလာချိန်မှာတော့ အရာအားလုံးက ရုတ်ချည်းပြောင်းလဲသွားခဲ့ပါတယ်။ ယူနိုက်တက်ဘက်က ရော်နယ်ဒိုအတွက် ချဥ်းကပ်လာခဲ့ပြီး အဲ့ဒီအချိန်မှာပဲ ရော်နယ်ဒိုက မန်စီးတီးကိုမျက်နှာလွှဲခဲပစ်လုပ်ခဲ့ပါတယ်။ ရော်နယ်ဒို ယူနိုက်တက်ကစားသမားဖြစ်သွားပြီဆိုတဲ့ အတည်ပြုချက်နဲ့ မရှေးမနှောင်းမှာပဲ အီဗရာ ဖွင့်ချပြလိုက်တဲ့ WhatsApp Chat က ရော်နယ်ဒိုရဲ့ရင်ဘတ်ထဲမှာ ယူနိုက်တက်ရှိနေဆဲဆိုတာကို သက်သေပြခဲ့ပါတယ်။
ရော်နယ်ဒိုက “ငါတို့အသင်း” လို့ သုံးနှုန်းရင်း အီဗရာနဲ့ အပြန်အလှန်မက်ဆေ့ချ်ပို့နေခဲ့ပြီး မန်စီးတီးနဲ့သတင်းတွေထွက်ပေါ်နေချိန်မှာလည်း တစ်ချိန်က ယူနိုက်တက်မှာ ရော်နယ်ဒိုနဲ့ အတွဲအဖက်မိခဲ့တဲ့ ရွန်းနီကလည်း ယူနိုက်တက်ကစားသမားမှန်ရင် မန်စီးတီး၊ လီဗာပူးတို့လိုအသင်းတွေမှာ ဘယ်တော့မှ သွားမကစားရဘူးဆိုပြီး သွယ်ဝိုက်တားဆီးခဲ့ပါတယ်။ ရွန်းနီပြခဲ့တဲ့ဥပမာထဲမှာ မန်စီးတီးကိုသွားကစားဖူးတဲ့ ရှမိုက်ကယ်၊ အန်ဒီကိုးလ်တို့ အကြောင်းလည်းပါဝင်ခဲ့ပြီး နောက်ထပ်အနီးစပ်ဆုံးပြောရရင် ယူနိုက်တက်မှာ ရွန်းနီ၊ ရော်နယ်ဒိုနဲ့အတူတွဲမိခဲ့တဲ့ တီဗက်ဇ်ကလည်း မန်စီးတီးမှာသွားကစားခဲ့ပါသေးတယ်။
ရော်နယ်ဒိုကိုယ်တိုင်က အိုးထရက်ဖို့ဒ်မှာ ကစားသမားဘဝကို ကုန်ဆုံးသွားဖို့ ဆန္ဒရှိတယ်လို့ တစ်ချိန်ကပြောကြားခဲ့ဖူးပြီး အခုချိန်မှာတော့ သူ့ကိုရီးရဲယ်မက်ဒရစ်ဆီပို့ပေးခဲ့တဲ့ ဖာဂူဆန်ကိုယ်တိုင်က သူ့ရဲ့နာမည်ကျော် “Fergie Time” နဲ့ အိုးထရက်ဖို့ဒ်ဆီ ပြန်ခေါ်ခဲ့တယ်ဆိုလည်း မမှားပါဘူး။ ရော်နယ်ဒိုအခုလို အိမ်ပြန်ရောက်လာတာ၊ အိုးထရက်ဖို့ဒ်ကွင်းကြီးထဲက ပရိသတ်တွေရဲ့ရင်ငွေ့ကို ပြန်လည်ခိုလှုံခဲ့တာဟာ တစ်ချိန်တုန်းက ရီးရဲယ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းတိုးခါနီးတိုင်း လစာပိုရချင်လို့ ယူနိုက်တက်ကို အသုံးချခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်းဖြေရှင်းပြီးသားဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ရော်နယ်ဒိုရဲ့ကစားသမားဘဝ ပထမဆုံးချန်ပီယံလိဂ်ဖလားအဖြစ် ယူနိုက်တက်အသင်းနဲ့အတူ အောင်ပွဲခံခဲ့တုန်းက အသင်းဖော်ကစားသမားတွေအားလုံး လက်ရှိအချိန်မှာ ကစားသမားဘဝက အသီးသီးအနားယူသွားခဲ့ကြပါပြီ။ ဂိုးသမား ဗန်ဒါးဆားကစလို့ ဝက်စ်ဘရောင်း၊ ဖာဒီနန်၊ ဗီဒစ်၊ ဟားဂရေ့ဗ်စ်၊ ပေါလ်စခိုးလ်၊ ကာရစ်၊ ရွန်းနီ၊ အန်ဒါဆန်၊ ရိုင်ယန်ဂစ်၊ ဖလက်ချာတို့အားလုံး အနားယူသွားကြပြီဖြစ်ပြီး တီဗက်ဇ်ကတော့ ကစားနေဆဲဆိုပေမယ့် လက်ရှိအချိန်မှာ သူ့မွေးရပ်မြေမှာပဲ အသင်းလက်မဲ့ဖြစ်နေသလို နာနီကတော့ မေဂျာလိဂ်မှာ သူ့ရဲ့ကစားသမားဘဝနေဝင်ချိန်ကိုဖြတ်သန်းနေရပါတယ်။
ဒီအထဲမှာ ရွန်းနီအပါအဝင် အချို့သောကစားသမားတွေဟာ ရော်နယ်ဒိုထက်တောင် အသက်ငယ်ကြပေမယ့် ရော်နယ်ဒိုတစ်ယောက် အကောင်းဆုံးပုံစံနဲ့ပြန်လာချိန်မှာ သူ့ရဲ့ဘော်ဒါဟောင်းတွေကတော့ ယူနိုက်တက်မှာမပြောနဲ့၊ ကစားသမားဘဝကနေပါ အနားယူသွားကြပြီဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ အကောင်းဆုံးခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံနဲ့ မေဂျာလိဂ်ကိုသွားဖို့တောင် မစဥ်းစားသေးဘဲ ကြံ့ခိုင်မှုပိုင်းအရ တောင်းဆိုမှုမြင့်မားတဲ့ပရီးမီးယားလိဂ်လိုနေရာမျိုးကို တစ်ကျော့ပြန်ရောက်ရှိလာခဲ့တာပါ။
ဒါပေမယ့် ဖာဂူဆန်အပါအဝင် ရော်နယ်ဒိုရဲ့ယူနိုက်တက်အသင်းဖော်ဟောင်းအချို့က ရော်နယ်ဒိုရဲ့ အိမ်အပြန်လမ်းမှာ ပါဝင်အားဖြည့်ပေးခဲ့ကြတာ အားလုံးမျက်မြင်ပါပဲ။ နောက်ခံလူဟောင်းကြီး ဖာဒီနန်ကလည်း ရော်နယ်ဒို မန်စီးတီးကိုပြောင်းမယ်ဆိုတဲ့သတင်းကြားချိန်မှာ မဖြစ်နိုင်ဘူးလို့ မယုံကြည်နိုင်ဖွယ် လှောင်ပြောင်ထားတဲ့ပုံကိုတင်ခဲ့သလို ရော်နယ်ဒိုကိုခေါ်ယူနိုင်ပြီလို့ ယူနိုက်တက်တို့ တရားဝင်မကြေညာခင် နာရီပိုင်းအလိုမှာလည်း ယုံကြည်ချက်ရှိရှိ ပြုံးနေတဲ့သူ့ရဲ့ဗီဒီယိုကိုတွစ်တာပေါ်မှာတင်ခဲ့ပါတယ်။
ရော်နယ်ဒို အခုလိုမျိုး ယူနိုက်တက်အသင်းကို ပြန်လည်ရောက်ရှိလာခဲ့တာက သူ့ကိုချစ်တဲ့အသင်းနဲ့ ပရိသတ်တွေဆီပြန်လည်ရောက်ရှိလာခဲ့တာဖြစ်တဲ့အပြင် တစ်ချိန်ကအသင်းဖော်ဟောင်းတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ သူငယ်ချင်းကောင်းပီသမှုတွေကိုပါ တစ်ပါတည်းခံစားရင်းရောက်လာခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဒါကိုတော့ ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ကစားသမားဟောင်းတွေရဲ့ တုံ့ပြန်မှုတွေက သက်သေပြနေပါတယ်။
ပထမဆုံးအကြိမ် ယူနိုက်တက်ကစားသမားဘဝမှာ ပြိုင်ပွဲစုံ (၂၉၂) ပွဲကစား၊ သွင်းဂိုး (၁၁၈) ဂိုးသွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား (၃) ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၁) ကြိမ်အပါအဝင် ဆုဖလားပေါင်း (၉) လုံးအထိ ဆွတ်ခူးနိုင်ခဲ့တဲ့ ရော်နယ်ဒိုတစ်ယောက် တစ်ကျော့ပြန်ယူနိုက်တက်ကစားသမားဘဝမှာ ဘယ်လောက်အထိ အောင်မြင်မှုတွေဆွတ်ခူးနိုင်ဦးမလဲဆိုတာ သူကိုယ်တိုင်ရော၊ ယူနိုက်တက်ပရိသတ်တွေကပါ စိတ်လှုပ်ရှားနေကြမှာ သေချာပါတယ်။
ချန်ပီယံလိဂ်ဖလား (၅) ကြိမ်ရထားတဲ့ သူ့ရဲ့အောင်မြင်မှုကို မက်ဆီလိုက်မှီသွားမှာစိုးရိမ်လို့ အသင်းပြောင်းဖို့ပြင်ဆင်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ရော်နယ်ဒိုကတော့ သူ့ရဲ့နှလုံးသားအခြေပြုရာ ယူနိုက်တက်အသင်းကိုသာ အမှန်တကယ်ပြန်လည်ရောက်ရှိလာခဲ့ပြီး မြက်ခင်းစိမ်းတွေရဲ့ဝေးရာကိုရောက်ရှိနေတဲ့ တစ်ချိန်ကသူ့ရဲ့ယူနိုက်တက်အသင်းဖော်ဟောင်းတွေကလည်း ရော်နယ်ဒိုကို လက်ခုပ်တီးအားပေးဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။