စာချုပ်ပယ်ဖျက်မှုမရှိဘဲ ဆက်သွားမယ်ဆို နောက်နှစ် မေလထဲမှာ သက်တမ်းတိုးသွားမှာပါ

တရုတ်မှာ လုပ်ငန်းလုပ်ခွင့်ပြုဖို့ Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်ဟာ အာဏာပိုင်တွေနဲ့ ဒေါ်လာ ၂၇၅ ဘီလျံတန် သဘောတူစာချုပ်တစ်ရပ်မှာ လျှို့ဝှက်လက်မှတ်ရေးထိုးခဲ့တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ 

The Information က‌ ဖော်ပြတဲ့သတင်းမှာ ၂၀၁၆ ခုနှစ်က တရုတ်ကို လူကိုယ်တိုင် သွားရောက်ချိန်မှာ တင်မ်ကွတ်ဟာ တရုတ်အာဏာပိုင်တွေကို Apple ရဲ့ ရင်းနှီးမြှပ်နှံမှုတွေ ၊ စီးပွားရေးသဘောတူညီမှုတွေနဲ့ ဝန်ထမ်း Training တွေကနေ နိုင်ငံရဲ့ စီးပွားရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ ဖြစ်စေမယ်ဆိုတဲ့ ကတိပေးခဲ့တယ်လို့ ဆိုပါတယ်။ ပေါက်ကြားလာတဲ့ ကုမ္ပဏီတွင်း အထောက်အထားတွေအရ တင်မ်ကွတ်ဟာ Apple ထုတ်ကုန်တွေ ဖြစ်တဲ့ Apple Pay ၊ iCloud နဲ့ App Store တွေပေါ် တရုတ်အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်ဖို့ တရုတ်အာဏာပိုင်တွေကို ကိုယ်တိုင် လော်ဘီလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 



Photo: The Information


Apple ပေါ် စည်းမျဉ်းတင်းကြပ်မှု ကင်းလွတ်ခွင့်ရဖို့အတွက် Apple နဲ့ တရုတ်အစိုးရရဲ့ ဩဇာကြီးမားလှတဲ့ အမျိုးသားဖွံ့ဖြိုးမှုနဲ့ ပြုပြင်ပြောင်းလဲ‌ရေးကော်မရှင်တို့ဟာ တရားဝင် MoU လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က တရုတ်နိုင်ငံအတွင်း iTunes စာအုပ်နဲ့ ရုပ်ရှင်တွေ ဈေးကွက်ဖိနှိပ်ဖြိုခွဲမှုကြုံပြီးနောက် တင်မ်ကွတ်နဲ့ Apple အမှုဆောင်အရာရှိတွေဟာ တရုတ်ထိပ်တန်းအာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး သဘောတူညီမှုတွေ လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ 

သဘောတူညီချက်ထဲမှာ Apple ဟာ တရုတ်နိုင်ငံအတွင်း အဆင့်မြင့်ဆုံးထုတ်လုပ်ရေးနည်းပညာတွေ တည်ဆောက်ခွင့်ပေးပြီး ဝန်ထမ်းတွေကိုလည်း လေ့ကျင့်သင်ကြားပေးသွားမယ်လို့ ကတိပေးထားပါတယ်။ ဒီထဲမှာ တရုတ် Suppliers တွေဆီက Apple ထုတ်ကုန်တွေအတွက် ပစ္စည်းအစိတ်အပိုင်း ပိုမှာယူဖို့ ၊ တရုတ်ဆော့ဖ်ဝဲလ်ကုမ္ပဏီတွေနဲ့ နှစ်ဖက် သဘောတူမှုတွေနဲ့ လုပ်ကိုင်ဖို့ ၊ နည်းပညာပိုင်းအတွက် တရုတ်တက္ကသိုလ်တွေနဲ့ ပူးပေါင်းဖို့အပြင် လက်ရှိတရုတ်နိုင်ငံအတွင်း ဝင်ရောက်နေတဲ့ Apple ရဲ့ ရင်းနှီးမြှပ်နှံမှုထက် ပိုများတဲ့ ဒေါ်လာဘီလျံပေါင်းများစွာ ထပ်မြှပ်နှံဖို့ဆိုတဲ့ အချက်တွေလည်း ပါရှိထားပါတယ်။ 

အပြန်အလှန်အနေနဲ့ တရုတ်ဘက်ကလည်း လိုအပ်တဲ့ အကူအညီနဲ့ အထောက်အပံ့တွေ ပေးဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရအာဏာပိုင်တွေ စိတ်ကျေနပ်စေဖို့ ကြိုးပမ်းချက်အနေနဲ့ ၂၀၁၆ မေလထဲမှာ ကွတ်ခ်ဟာ တရုတ် အငှားယာဉ်ဝန်ဆောင်မှု Startup တစ်ခုဖြစ်တဲ့ Didi Chuxing မှာ ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှပ်နှံမယ့်အကြောင်းဟာ ကြေညာခဲ့ပါတယ်။ ဒီနောက် မကြာခင်မှာ တင်မ်ကွတ် ၊ Apple COO ဂျက်ဖ်ဝီလျံစ် နဲ့ အစိုးရရေးရာ အကြီးအကဲ လီဆာ ဂျက်ခ်ဆင်တို့ဟာ ထိပ်တန်းတရုတ်အစိုးရအဖွဲ့ဝင်တွေနဲ့ ကျုံးနန်းဟိုင်မှာ ရှိတဲ့ တရုတ်ကွန်မြူနစ်ပါတီရုံးချုပ်မှာ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ 

The Information က ရတဲ့ ကုမ္ပဏီအတွင်းရေး အထောက်အထားတွေအရ စာချုပ်သက်တမ်း ၅ နှစ်ကျော်အတွင်း Apple ဟာ ဒေါ်လာ ၂၇၅ ဘီလျံကျော်အထိ တရုတ်မှာ ရင်းနှီးမြှပ်နှံမှု လုပ်ခဲ့တယ်လို့လည်း ဖော်ပြနေပါတယ်။ စာချုပ်မှာ တစ်ဖက်ဖက်က ပယ်ဖျက်ခြင်း မရှိဘူးဆိုရင် လာမယ့် ၂၀၂၂ ခုနှစ် မေလထဲမှာ ဒီစာချုပ်ဟာ နောက်ထပ်သက်တမ်းတစ်နှစ် အလိုလို တိုးသွားမှာလည်း ဖြစ်ပါတယ်။ 


Photo: Apple Insider


၂၀၁၆ စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်းမှာ ကုမ္ပဏီဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးလေရဟတ်ထုတ်လုပ်သူ Xinjiang Goldwind Science and Technology နဲ့ သဘောတူစာချုပ်ချုပ်ဆိုကြောင်း ကြေညာခဲ့သလို iCloud လုပ်ငန်းခွင်ကို တရုတ်နိုင်ငံအတွင်း ပြောင်းရွှေ့လာခဲ့ပါတယ်။ ၂၀၁၈ မှာ တရုတ်နိုင်ငံရဲ့ သန့်စင်စွမ်းအင်ပိုင်းမှာ ဒေါ်လာသန်း ၃၀၀ ရင်းနှီးမြှပ်နှံမှု ရံပုံငွေတစ်ရပ် Apple က တည်ထောင်ခဲ့သလို တရုတ်ပြည်မကြီးထဲမှာ Apple လက်လီစတိုးဆိုင် ၁၁ ဆိုင်ထပ်ဖွင့်နိုင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း တရုတ်ပိုင် ထုတ်လုပ်ရေးလုပ်ငန်း Luxshare Precision Industry ကို iPhone 13 ထုတ်လုပ်ရေးမှာ ခေါ်သုံးခဲ့ရပါတယ်။ 

Apple အတွက် ဒုတိယအကြီးဆုံး ဈေးကွက်ကြီးတစ်ခုဖြစ်တဲ့ တရုတ်ဈေးကွက်ကနေ စက်တင်ဘာမှာ ကုန်ဆုံးတဲ့ ၁၂ လစာအတွင်း ဒေါ်လာ ၆၈ ဘီလျံ ဝင်ငွေရခဲ့ပြီး ဒါဟာ Apple ဝင်ငွေ စုစုပေါင်းရဲ့ ၅ ပုံ ၁ ပုံခန့် ရှိတယ်လို့လည်း ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က