ဒီဇင်ဘာ ၅ - ၁၀ ရက်မှာ ကျင်းပသွားတဲ့ ဆီးဂိမ်း Esports ပြိုင်ပွဲများမှာ ရွှေ၊ ငွေ၊ ကြေးတံဆိပ်ရရှိသူ စာရင်းကတော့ ထွက်ပေါ်လာခဲ့ပါပြီ။

ဖိလစ်ပိုင်နိုင်ငံမှာကျင်းပလျက်ရှိတဲ့ SEA Games 2019 အားကစားပြိုင်ပွဲကြီးဟာ Esports ကို ဆုတံဆိပ်ပေးအပ်တဲ့ပြိုင်ပွဲအဖြစ် ထည့်သွင်းကျင်းပပေးခဲ့တဲ့ ပထမဦးဆုံး အိုလံပစ်ကောင်စီအသိအမှတ်ပြု အားကစားပြိုင်ပွဲပဲဖြစ်ပါတယ်။


SEA Games 2019 ရဲ့ Esports ကဏ္ဍမှာ Dota 2, Starcraft II, Hearthstone, Tekken 7, Mobile Legends: Bang Bang နဲ့ Arena of Valor တို့ပါဝင်ပြီး ဂိမ်းတစ်ခုချင်းစီအတွက် ရွှေ၊ငွေ၊ကြေး ဆုတံဆိပ်များကို ချီးမြှင့်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံကလည်း Esports ခေါင်းစဉ်အောက်က ဂိမ်းသုံးမျိုးဖြစ်တဲ့ Dota 2, MLBB, AoV တို့မှာ ယှဉ်ပြိုင်ဖို့ အသင်းများ စေလွှတ်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ တစ်သင်းမှ အုပ်စုမကျော်ခဲ့ပါဘူး။




 SEA Games 2019 ရဲ့ Esports ပြိုင်ပွဲတွေကို မက်ထရိုမနီလာမှာရှိတဲ့ Filoil Flying V Center မှာ ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ မနေ့ညကပဲ Esports ပြိုင်ပွဲအားလုံးကျင်းပပြီးစီးခဲ့ပြီဖြစ်လို့ ဘယ်နိုင်ငံက ဘယ်ဆုတံဆိပ်တွေရရှိခဲ့လဲဆိုတာ ထွက်ပေါ်လို့လာခဲ့ပြီပဲဖြစ်ပါတယ်။


Dota 2

Dota 2 ပြိုင်ပွဲမှာတော့ ကြိုတင်ခန့်မှန်းကြတဲ့အတိုင်း အိမ်ရှင်ဖိလစ်ပိုင်အသင်းကပဲ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ Team Adroit က ကစားသမား ၅ ဦး၊ Cignal Ultra က ကစားသမား ၂ ဦးတို့ပါဝင်တဲ့ ဖိလစ်ပိုင်အသင်းဟာ ဗိုလ်လုပွဲမှာ ထိုင်းအသင်းကို ၃-၂ ရလဒ်နဲ့အနိုင်ရကာ အမိမြေအတွက် ရွှေတံဆိပ်ဆုကို ဆွတ်ခူးပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။


ငွေတံဆိပ်ဆုကိုတော့ ထိုင်းအသင်းက ရရှိလို့သွားခဲ့ပါတယ်။ ထိုင်းအသင်းမှာ နာမည်ကြီး Pro အသင်းဖြစ်တဲ့ Fnatic မှာ လက်ရှိကစားနေတဲ့ jabz, 23savage တို့လို ထိပ်တန်းကစားသမားတွေ ပါဝင်ပေမယ့် စုဖွဲ့မှုအားကောင်းတဲ့ ဖိလစ်ပိုင်အသင်းကို ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် ငွေဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။


ကြေးတံဆိပ်ဆု (သို့မဟုတ်) တတိယဆုကိုတော့ ဗီယက်နမ်အသင်းက ရရှိခဲ့ပါတယ်။ WESG SEA Finals ပြိုင်ပွဲတုန်းက ဒုတိယရရှိခဲ့တဲ့ 496 Gaming က ဗီယက်နမ်နိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် ဒီတစ်ခါမှာတော့ ကြေးဆုသာရရှိခဲ့ပါတယ်။


Starcraft II

Starcraft II မှာလည်း ဖိလစ်ပိုင်နိုင်ငံကပဲ ရွှေတံဆိပ်ဆုရယူနိုင်ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ နာမည်ရပြီးသား Starcraft II ကစားသမား EnDerr က ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အခုလိုရွှေတံဆိပ်ရယူကာ နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။


EnDerr ရဲ့နာမည်အရင်းက Caviar Napoleon Acampado ဖြစ်ပြီး သူဟာ WESG SEA 2018 မှာ ပထမဆု နဲ့ WESG SEA 2019 မှာ ဒုတိယဆု ရရှိအောင်စွမ်းဆောင်ထားနိုင်တဲ့ကစားသမားဖြစ်ပါတယ်။


ငွေတံဆိပ်ဆုကိုရရှိသွားတာကတော့ စင်ကာပူနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ Thomas Maria Kopankiewicz ပါ။ လက်ရှိအချိန်မှာ Team Resurgence အတွက် ကစားလျက်ရှိပြီး သူ့ရဲ့ Alias ကတော့ Blysk ပဲဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ EnDerr ကို 4-1 ရလဒ်နဲ့ရှုံးနိမ့်ခဲ့တာကြောင့် ငွေတံဆိပ်ဆုနဲ့သာကျေနပ်ခဲ့ရပါတယ်။


ဗီယက်နမ်နိုင်ငံကိုယ်စားပြုကစားသမား Trần Hồng Phúc ကတော့ ကြေးတံဆိပ်ဆုကို ရရှိခဲ့ပါတယ်။ MeomaikA ဆိုတဲ့ Alias နဲ့လူသိများတဲ့ Starcraft II ကစားသမားဟာ ပြီးခဲ့တဲ့ WESG SEA 2019 မှာ EnDerr ကို အနိုင်ယူပြီး ချန်ပီယံဖြစ်လာခဲ့သူလည်း ဖြစ်ပါတယ်။


Hearthstone

Hearthstone ပြိုင်ပွဲမှာတော့ မလေးရှားကိုယ်စားပြုကစားသမား Yew Weng Keng က ရွှေတံဆိပ်ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူဟာ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး Electrical Engineering ပညာရပ်မှာ PhD ဘွဲ့ရရှိထားသူလည်းဖြစ်ပါတယ်။


ငွေတံဆိပ်ဆုကိုဆွတ်ခူးသွားတာကတော့ ဗိုလ်လုပွဲမှာ ရှုံးနိမ့်သွားတဲ့ ထိုင်းကိုယ်စားပြုကစားသမား Werit Popan ပါ။ Werit Popan ဟာ Yew Weng Keng ကို 3-1 ရလဒ်နဲ့ရှုံးနိမ့်ခဲ့ တာပဲဖြစ်ပါတယ်။ ကြေးတံဆိပ်ဆုကိုတော့ စင်ကာပူကစားသမား Chew Khai Kiat ကဆွတ်ခူးသွားခဲ့ပါတယ်။


Tekken 7

SEA Games 2019 ရဲ့ Tekken 7 ပြိုင်ပွဲမှာတော့ ထိုင်းကိုယ်စားပြုကစားသမား Nopparut Hempamorn က ရွှေတံဆိပ်ဆုကို ရရှိသွားခဲ့ပါတယ်။ သူ့ကိုတော့ Fighting Game Community အသိုင်းအဝိုင်းမှာ Book လို့သိကြပြီး အရှေ့တောင်အာရှရဲ့ ထိပ်တန်း Tekken 7 ကစားသမားတွေထဲက တစ်ဦးပဲဖြစ်ပါတယ်။


ငွေတံဆိပ်ဆုကိုရရှိသွားတာကတော့ ဖိလစ်ပိုင်ကစားသမား Alexandre Gabrielle Laverez ပဲဖြစ်ပါတယ်။ သူ့ကိုတော့ AK လို့လူသိများကြပြီး ဗိုလ်လုပွဲမှာ Book ကို 3-2 ရလဒ်နဲ့ကပ်ပြီး ရှုံးနိမ့်သွားခဲ့တာကြောင့် ငွေတံဆိပ်နဲ့ ကျေနပ်ခဲ့ရပါတယ်။


SEA Games ရဲ့ Tekken 7 ပြိုင်ပွဲမှာ တစ်နိုင်ငံကို ကစားသမား ၂ ဦးစီ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ Tekken 7 မှာ ကြေးတံဆိပ်ဆုကို ရရှိသွားတာကတော့ Doujin လို့လူသိများတဲ့ ဖိလစ်ပိုင်ကစားသမား Andreij Hosea Albar ဖြစ်တာကြောင့် ဖိလစ်ပိုင်ကတော့ ဒီဂိမ်းမှာ ဆုတံဆိပ် ၂ ခုတောင် ရရှိခဲ့ပါတယ်။


Arena of Valor

SEA Games ရဲ့ AoV ပြိုင်ပွဲမှာတော့ ထိုင်းအသင်းက ရွှေတံဆိပ်ဆု၊ အင်ဒိုနီးရှားအသင်းက ငွေတံဆိပ်ဆုနဲ့၊ ဗီယက်နမ်အသင်းက ကြေးတံဆိပ်ဆုတို့ကို အသီးသီးရရှိခဲ့ကြပါတယ်။


Mobile Legends: Bang Bang

MLBB ပြိုင်ပွဲမှာတော့ ဖိလစ်ပိုင်အသင်းက Evos Legends အသင်းနဲ့ Onic Esports နှစ်သင်းပေါင်းထားတဲ့ အင်ဒိုနီးရှားအသင်းကို 3-2 ရလဒ်နဲ့အနိုင်ရရှိကာ ရွှေတံဆိပ်ကိုထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပါတယ်။


 ရွှေတံဆိပ်ဆုကိုစိန်ခေါ်ဖို့ အကောင်းဆုံးပြင်ဆင်လာတဲ့ အင်ဒိုနီးရှားအသင်းကတော့ ငွေတံဆိပ်နဲ့သာကျေနပ်ခဲ့ရပြီး ကြေးတံဆိပ်ဆုကိုတော့ မလေးရှားအသင်းကရရှိခဲ့ပါတယ်။


Esports ကဏ္ဍမှာ အိမ်ရှင်ဖိလစ်ပိုင်က ရွှေတံဆိပ် ၃ ဆု၊ ငွေတံဆိပ် ၁ ဆု၊ ကြေးတံဆိပ် ၁ ဆု စုစုပေါင်း ၅ ဆုရရှိခဲ့တာကြောင့် ဆုတံဆိပ်အများဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။ ဖိလစ်ပိုင်အောက်မှာ ထိုင်းက ရွှေတံဆိပ် ၂ ဆုနဲ့ ငွေတံဆိပ် ၂ ဆု တို့နဲ့ ဒုတိယနေရာမှာရပ်တည်နေပြီး မလေးရှားကတော့ ရွှေတံဆိပ် ၁ ဆု၊ ကြေးတံဆိပ် ၁ ဆုနဲ့ တတိယနေရာမှာရပ်တည်နေပါတယ်။


အပြည့်အစုံကိုတော့ အောက်ကဇယားမှာကြည့်ရှုနိုင်ပါတယ်။

2019 SEA Games ရဲ့ Esports ကဏ္ဍကတော့ ပြီးဆုံးလို့သွားခဲ့ပါပြီ။ ဂိမ်း ၆ မျိုးကို နိုင်ငံပေါင်း ၁၀ နိုင်ငံတို့က ယှဉ်ပြိုင်ခဲ့ပေမယ့် ၆ နိုင်ငံကသာ ဆုတံဆိပ်တွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဆုတံဆိပ်ရရှိတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံပါမလာတာဟာ ဝမ်းနည်းစရာကောင်းပေမယ့် ဒီ SEA Games ဟာ မြန်မာကိုယ်စားပြုအသင်းတွေအတွက် တန်ဖိုးဖြတ်မရတဲ့ အတွေ့အကြုံတစ်ခုဖြစ်ခဲ့တာကတော့ အရှုံးထဲကရရှိလိုက်တဲ့ အမြတ်တစ်ခုပါပဲ။


Written by Myo Thant Kyaw

Share

Loading Next Article...
က္က