ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘန်ဇီမာဟာ သူ့ရဲ့ ကစားသမားဘဝအတွက် ပထမဆုံးသော ဘလွန်းဒီအော်ဆုကို ပြီးခဲ့တဲ့ တနင်္လာညက ဆွတ်ခူးနိုင်ခဲ့ပါပြီ။ (၂၀၂၂) ဘလွန်းဒီအော်ဆုကို ဘန်ဇီမာက အငြင်းပွားဖွယ်မရှိ ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တာဖြစ်ပြီး ဘောလုံးလောကတခုလုံးကလည်း ဘန်ဇီမာရဲ့ ငယ်ဘဝအိပ်မက်တွေ ပြည့်ဝသွားခဲ့တဲ့အတွက် မုဒိတာပွားနိုင်ခဲ့ကြပါတယ်။
ဒါပေမယ့် ဒီပွဲမှာ ပရိသတ်တွေအတွက် မြင်နေကျမဟုတ်တဲ့မြင်ကွင်းကတော့ ဘန်ဇီမာရဲ့ ညာဘက်လက်မှာ ပတ်တီးမစီးထားဘဲ ဘလွန်းဒီအော်ဆုပေးပွဲကို ရောက်ရှိလာတာပဲဖြစ်ပါတယ်။ ဘန်ဇီမာဟာ ပွဲကန်ချိန်တိုင်း သူ့ရဲ့ ညာဘက်လက်မှာ ပတ်တီးစည်းထားလေ့ရှိပြီး ဒါက သူ့ရဲ့ လက်သန်းဒဏ်ရာကြောင့် ဖြစ်ပါတယ်။ ဒီဒဏ်ရာကလည်း (၂၀၁၉) ဇန်နဝါရီတည်းက ရခဲ့တဲ့ ဒဏ်ရာပါ။
ဘန်ဇီမာဟာ ဘက်တစ်နောက်ခံလူ ဘာထရာနဲ့ ထိခိုက်မိခဲ့ပြီးနောက် ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အဆိုပါရာသီကုန်အထိ မခွဲစိတ်ဘဲ ဒီအတိုင်း ဆက်ကစားခဲ့ပါတယ်။ အဲ့ဒီနောက် နွေရာသီမှာ ခွဲစိတ်မှုခံယူခဲ့ပေမယ့် ဘန်ဇီမာက ချက်ချင်းပြန်ကစားခဲ့ပြီး ထပ်မံထိခိုက်ခဲ့ပြန်ပါတယ်။ ဒီတခါမှာလည်း ဘန်ဇီမာအတွက် ထပ်မံ ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်ခဲ့ပါတယ်။
ဒါပေမယ့် ဒီတကြိမ် ထပ်မံခွဲစိတ်ကုသမှုခံယူလိုက်မယ်ဆိုရင် ဘန်ဇီမာအနေနဲ့ လအတန်ကြာ အနားယူရမှာဖြစ်တာကြောင့် မခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး အခုလိုပဲ ဒဏ်ရာကို ပတ်တီးစည်းကာ ဆက်ကစားခဲ့တာဖြစ်ပါတယ်။ ဒါကိုလည်း ဘန်ဇီမာက ပြီးခဲ့တဲ့ဘောလုံးရာသီအစောပိုင်းမှာ ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာ ဘန်ဇီမာရဲ့ လက်သန်းလေးက ကောက်နေခဲ့ပြီး ပရိသတ်တွေကလည်း ဘလွန်းဒီအော်ဆုပေးပွဲမှာ ဘန်ဇီမာ လက်အုပ်ချီလိုက်ချိန် ဒီဒဏ်ရာကို ကောင်းကောင်းသတိထားခဲ့မိပါတယ်။ ဒါပေမယ့် ဒီပတ်တီးကပဲ ဘန်ဇီမာအတွက် ကောင်းမွန်တဲ့အဆောင်တခုအဖြစ်တောင် ပရိသတ်တွေအကြား ရေပန်းစားနေပြီး ဘန်ဇီမာတယောက် ဒီလိုမျိုး ပတ်တီးစည်းကစားချိန်မှပဲ ဂိုးတွေ ဆက်တိုက်သွင်းယူလာနိုင်တယ်လို့ ဆိုနေကြပါတယ်။