၂၀၂၀ လည်း နီးကပ်လာပြီဆိုတော့ အလှအပကို ချစ်မြတ်နိုးကြတဲ့ မဒီတို့အတွက် ၂၀၂၀ မှာ ခေတ်စားလာမယ့် မိတ်ကပ်အပြင်အဆင်တွေကို ဝေမျှပေးချင်ပါတယ်။

မိတ်ကပ်အပြင်အဆင်တွေကတော့ ခေတ်အလိုက် နှစ်အလိုက် ရေစီးကြောင်းအတိုင်း ပြင်ဆင်ခြယ်သမှုတွေ ပြောင်းလဲနေကြတာပါပဲ။ အလှအပကြိုက်နှစ်သက်သူတွေကတော့ တစ်နှစ်နဲ့ တစ်နှစ် ဘယ်လို ရေစီးကြောင်းတွေ ရှိနေတယ်၊ ဘယ်လို ပြင်ဆင်ခြယ်သမှုတွေ ခေတ်စားမလဲဆိုတာတွေကို မျက်ခြေမပြတ်စောင့်ကြည့်နေတတ်ကြပါတယ်။ ဒီလို ခေတ်ရေစီးကြောင်းနဲ့ မျက်ခြေမပြတ်တဲ့ အလှအပချစ်သူတွေအတွက် ၂၀၂၀ မှာခေတ်စားမယ့် Makeup Look လေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။

မျက်ခုံးအလှပြင်ဆင်မှု

ဒီ ၂၀၁၉ မှာ မျက်ခုံးမွှေး မည်းမည်းထူထူကြီးတွေ ခေတ်စားပြီး လူတိုင်းလိုလို မျက်ခုံးခြယ်သမှုပုံစံ တထေရာတည်းဖြစ်နေတာ အားလုံးလည်း သတိထားမိကြမှာပါ။ ၂၀၂၀ ရောက်သွားရင်တော့ အဲဒီလို မျက်ခုံးခြယ်သမှုတွေ သိပ်ရှိတော့မှာမဟုတ်ပါဘူး။ မျက်ခုံးထူထူကြီးတွေအစား ခပ်ပါးပါးလေး ခြယ်သတဲ့ဘက်ကို ပြန်ရွေ့သွားမှာ ဖြစ်ပါတယ်။

မျက်လုံးပြင်ဆင်မှု

မျက်ဝန်းအလှခြယ်သမှုကိုတော့ Colorful ပုံစံလေးတွေ ရွေးချယ်ခြယ်သကြမှာ ဖြစ်ပြီးတော့ အပြာ နဲ့ အစိမ်းကိုတော့ ၂၀၂၀ မှာ ပိုမိုခြယ်သလာကြမယ့် ပုံစံမှာရှိပါတယ်။ အရောင်တောက်တောက်ကြည်ကြည်လေးတွေ သုံးပြီး မျက်ဝန်းကို ခြယ်သလာကြမှာဖြစ်ပါတယ်။ နောက်ထပ်ခေတ်စားမယ့်ပုံစံတစ်မျိုးကတော့ အရောင်တစ်ရောင်တည်း ပြေးနေတဲ့ မျက်ဝန်းပုံစံပါ။ လိမ္မော်ရောင်ဘက်၊ Peach ဘက် ၊ အဝါဘက်သွားတဲ့ ပြင်ဆင်မှုက ၂၀၁၉ နှောင်းပိုင်းမှာ အလွန်ခေတ်စားခဲ့ပြီး ၂၀၂၀ ထိလည်း ဆက်လက်ခေတ်စားလူကြိုက်များနေဦးမယ့် သဘောမှာ ရှိပါတယ်။ နောက်တစ်မျိုးကတော့ ဘလင်းဘလင်း အရောင်တွေပါ။ သွားလာလှုပ်ရှားနေတဲ့ မဒီတွေ ပြင်ဆင်ခြယ်သဖို့ ခက်ခဲနိုင်ပေမယ့် စင်မြင့်ထက်က မဒီလေးတွေကတော့ ဘလင်းဘလင်းအရောင်လေးတွေနဲ့ တောက်ပဝံ့ကြွားစွာ လှနေကြမှာ ဖြစ်ပါတယ်။

အနုပညာရှင်တော်တော်များများကို မိတ်ကပ်လိမ်းခြယ်ပေးနေတဲ့ မိတ်ကပ် သော်ကလည်း ၂၀၂၀ မှာခေတ်စားလာမယ့် မိတ်ကပ်ခြယ်သမှုအပိုင်းကို Duwun ကို ခုလိုပြောပြလာပါတယ်။

"2020 အတွက်ခေတ်စားလာမယ့်မိတ်ကပ်အပြင်အဆင်လေးတွေကတော့ Glow make-up look လေးတွေပါပဲ။ နောက်ပြီး အခုခေတ်မှာ မိတ်ကပ်ကို အထူကြီးလိမ်းရတာကို မနှစ်သက်ကြတော့ဘူး။ မိတ်ကပ်ကို ပါးပါးလေးနဲ့ ကြည်ကြည်လေးတွေလိမ်းရတာကြိုက်နှစ်သက်လာကြတယ်။ Eye shadow ကိုလည်း တစ်ရောင်တည်းသုံးတာလေးတွေ၊ Color ကို တစ်ရောင်တည်း ကိုပဲသုံးရတာကြိုက်လာကြတယ်။ skin ကောင်းတဲ့ မိန်းကလေးအများစုက makeup foundation တွေကိုမသုံးကြတော့ဘဲ skincare တစ်မျိုးတည်းနဲ့ skincare makeup look ကိုလိမ်းခြယ်လာကြတယ်။ နှုတ်ခမ်းနီကတော့ အများစုကြိုက်နှစ်သက်တာကတော့ Nude color လေးတွေပါပဲ။ တချို့ကျတော့လည်း ကိုယ်နဲ့ လိုက်ဖက်မယ့် color ကို စွဲစွဲမြဲမြဲရွေးချယ်အသုံးပြုကြတယ်။ မျက်ခုံးကိုလည်း သဘာဝကျကျလေး ဆွဲလာကြတယ်။ ရှိပြီးသား မျက်ခုံးကို တစ်ချောင်းချင်းခြစ်ပြီးဆွဲလာကြတယ်။ မျက်ခုံးရဲ့အဆုံးသတ်အဖျားလေးကိုသပ်သပ်ရပ်ရပ် လေးဆွဲကြတယ်။ခေတ်စားနေတဲ့အရောင်လေးတွေကတော့ orange color, peach color နဲ့ အဝါဖက်သွားတဲ့အရောင်လေးတွေပါပဲ။"

Glow Look

၂၀၂၀ ခုနှစ်အတွက် ခေတ်စားမယ့် မိတ်ကပ်လိမ်းခြယ်မှုပုံစံကတော့ ပါးပါးကြည်ကြည်လေး လိမ်းခြယ်ကြမှာဖြစ်ပါတယ်။ ဒါကတော့ ၂၀၁၉ ခုနှစ်အတွင်းမှာ ခေတ်စားနေဆဲ မိတ်ကပ်လိမ်းခြယ်မှုပုံစံပါပဲ။ ပါးပြင်ထက်မှာ ပြောင်ပြောင်လေးတွေဖြစ်နေအောင် ခြယ်သထားတဲ့ Glow Makeup Look ကတော့ ၂၀၂၀ ခုနှစ်ထိ လူကြိုက်များနေဆဲ လိမ်းခြယ်မှုအဖြစ် ဆက်လက်တည်ရှိနေမှာပါ။ အသားအရေကောင်းမွန်တဲ့သူတွေကတော့ Foundation ကိုတောင် အသုံးမပြုတော့ဘဲ Skin Care နဲ့ Skin Care Makeup Look ပုံစံမျိုး လိမ်းခြယ်လာလိမ့်မယ်လို့ မိတ်ကပ်ပညာရှင်တချို့က ဆိုပါတယ်။

နှုတ်ခမ်းနီ

နှုတ်ခမ်းနီကိုတော့ အညိုပုပ်၊ ခရမ်းရောင်ပုပ်၊ ကြက်သွေးရောင်ပုပ်လေးတွေ ခေတ်စားဖို့ရှိပြီး လက်ရှိခေတ်စားနေတဲ့ Nude Color လေးတွေလည်း ဆက်လက်ခေတ်စားသွားမယ့်ပုံစံမှာ ရှိပါတယ်။ ခပ်ပုပ်ပုပ်အရောင်လေးတွေကတော့ ၁၉၉၀ ပြည့်နှစ်က ပြင်ဆင်ခြယ်သမှုပုံစံတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

တစ်ပတ်လည် ခေတ်ရေစီးကြောင်း

၂၀၂၀ ရဲ့ မိတ်ကပ်ပြင်ဆင်ခြယ်သမှုတွေကတော့ တကျော့ပြန်ရေစီးကြောင်းပဲ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်က ပြင်ဆင်ခြယ်သမှုစတိုင်တွေပြန်လည်ခေတ်စားလာမှာ ဖြစ်ပါတယ်။ အဓိကကတော့ ကျန်းမာတဲ့ အသားအရေ မျက်နှာပြင်ပုံစံမျိုးတွေ ၊ ကြည်လင်ဝင်းဖန့်နေတဲ့ မျက်နှာပြင်ပုံစံမျိုးလေးတွေ စတဲ့ ပြင်ဆင်မှုပုံစံတွေ ခေတ်စားလာပါလိမ့်မယ်။

အမေရိကန်မှာ Cosmetologist အဖြစ်လုပ်ကိုင်နေပြီး ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ အလှကုန်ပစ္စည်းတွေ ထုတ်လုပ်နေတဲ့ မဟန်းနီဝင်းကလည်း ၂၀၂၀ အတွင်း ခေတ်စားလာမယ့် မိတ်ကပ်အပြင်အဆင်တွေ အကြောင်းကို Duwun ကို ခုလိုပြောပြပါတယ်။

"မိတ်ကပ်ကတော့ Trend က အမြဲပြောင်းနေတာပဲ၊ Spring , Summer တစ်အုပ်စုဆိုတော့၊ 2020 မှာတော့ 1990 က မိတ်ကပ်လေးတွေ ပြန်ခေတ်စားမယ်။ ဒီ Spring , Summer မှာ အစိမ်းတွေ ၊ အပြာတွေ ခေတ်စားလာလိမ့်မယ်။ Trend ဆိုတာကတော့ မတည်မြဲဘူးလေ။ ကိုယ်ကတော့ ကိုယ့် makeup look နဲ့ ဘာနဲ့ လိုက်မလဲဆိုတာကြည့်ရမယ်။ ပြောချင်တာက Trend နောက် လိုက်နေစရာတော့ မလိုဘူး။ ကိုယ်က ဘယ်လို ပုံစံနဲ့ လိုက်ဖက်လဲ။ ကိုယ်နဲ့ လိုက်ဖက်တဲ့ ပုံစံအတိုင်းပဲ ဆက်ပြင်နေမယ်ဆိုလည်း ရတယ်။ကြက်သွေးရောင် နှုတ်ခမ်းနီတွေ ခေတ်စားလာတော့မယ်၊ နောက် Lip Liner လေးတွေကို ပိုပြီးတော့ အသုံးပြုလာတော့မယ်။ ဆိုတော့ Spring Summer က တစ်အုပ်စုပေါ့ ။ Fall Winter မှာ တစ်အုပ်စု အဲဒီလိုမျိုးပေါ့။ ဒါပေမယ့် 1990 မှာ ခေတ်စားခဲ့တဲ့ ကြက်သွေးရောင် ပုပ်ပုပ်၊ အညိုပုပ်ပုပ် လေးတွေ ၊ ခရမ်းလေးတွေ အဲဒါတွေတော့ ပြန်လာတော့မယ်။ မျက်နှာလေးကို Glow လေးထားပြီး အိုင်းကာလာကို Colorful ပေါ့၊ အပြာလေးတွေ အစိမ်းလေးတွေ ဆိုးကြမယ် ၊ lip gloss လေးတွေ ဆိုးကြမယ်။ eye brow ကိုလည်း အနက်ကြီးတွေ မဆိုးတော့ဘူး၊ ပါးပါးလေးပဲ ဆိုးကြတော့မယ်။ 2020 Make-uptrend မှာ Lip gloss၊ shimmer gold၊ shimmery brown၊ green နဲ့ blue လေးတွေခေတ်စားမယ်။ နီညိုပုတ် burgundy color နှုတ်ခမ်းနီတွေ ပြန်ခေတ်စားမယ်။ 1990 ခုနှစ် look လေးတွေပြန်လာလိမ့်မယ်။"

၂၀၂၀ ကတော့ ပြောရမယ်ဆိုရင် သဘာဝဆန်တဲ့ ပြင်ဆင်ခြယ်သမှု ၊ ကျန်းမာသန်စွမ်းမှုကို ပြသတဲ့ အရောင်ခြယ်သမှုတွေ ခေတ်စားသွားမယ့်နှစ်ဖြစ်ပါတယ်။ ပါးပါးကြည်ကြည်လေးနဲ့ ပြင်ထားမှန်းမသိအောင် လှပစေမယ့် ပြင်ဆင်မှုတွေဘက်ကို မိတ်ကပ်ပညာရှင်တွေက ပိုအားသန်လာကြသလို အလှအပချစ်သူ မဒီတို့ကလည်း အဲဒီပုံစံလေးတွေ လိမ်းခြယ်ရတာကိုပဲ ပိုပြီး မက်မောလာကြပါလိမ့်မယ်။ 

ဒါကတော့ ၂၀၂၀ မှာ ခေတ်စားမယ့် မိတ်ကပ်ပြင်ဆင်ခြယ်သမှုတွေပဲ ဖြစ်ပါတယ်၊ ကိုယ့်စိတ်ကြိုက် ကိုယ့်မျက်နှာလေးနဲ့လိုက်ဖက်မယ့် ပြင်ဆင်ခြယ်သမှုတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

မဒီများအားလုံး လှသထက် လှနိုင်ကြပါစေ။

Share

Loading Next Article...
က္က