App Store ဖြန့်ချိတဲ့ ၂၀၀၈ ခုနှစ်ကစလို့ ၂၀၂၁ ခုနှစ်အထိ Apple ဟာ Developers တွေအတွက် ဒေါ်လာဘီလျံ ၂၆၀ အထိ သုံးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က Apple ရဲ့ ထုတ်ပြန်ချက်ထဲမှာ ၂၀၂၁ ခုနှစ်အတွင်း Developers တွေကို ဒေါ်လာဘီလျံ ၆၀ ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒီကိန်းဂဏန်းတွေအရ App Store ရောင်းအားဟာ အရှိန်အဟုန်နဲ့ ဆက်တက်နေတယ်လို့ ဆိုရမှာပါ။ Apple ဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း Developers တွေကို ဒေါ်လာ ၁၅၅ ဘီလျံ ရှာပေးနိုင်ခဲ့တဲ့အချက်နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
Photo: CNBC
၂၀၂၀ နှစ်ကုန်ပိုင်းမှာ နောက်ထပ် ဒေါ်လာ ၄၅ ဘီလျံ ထပ်တိုးပြီး ဒေါ်လာဘီလျံ ၂၀၀ ဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ မှာတော့ ဒေါ်လာဘီလျံ ၆၀ အထိ ထိုးတက်လာခဲ့တာ ဖြစ်တယ်လို့ CNBC သတင်းက ဆိုပါတယ်။ Apple ကတော့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးမတိုင်ခင်မှာ သုံးစွဲသူတွေဟာ အရင်ကထက် ပိုပြီး ငွေကြေးသုံးစွဲခဲ့ကြတယ်လို့ ဆိုပါတယ်။ Developers တွေကို Apple က ပေးတဲ့ ပမာဏဟာ App Store ကနေ စုစုပေါင်းဝင်တဲ့ Apple ဝင်ငွေရဲ့ ၇၀% နဲ့ ၈၅% အကြား ရှိတယ်လို့ ဆိုပါတယ်။
App Store ဟာ apps တွေထဲကနေ ဒစ်ဂျစ်တယ်ဝယ်ယူမှု လုပ်ခြင်းရဲ့ ၁၅% နဲ့ ၃၀% အကြား ရနေတာပါ။ ၂၀၂၁ ထဲမှာ Apple ဟာ တစ်နှစ် ဒေါ်လာ ၁ သန်းအောက်ဝင်တဲ့ Developers တွေအတွက် ကော်မရှင်ကြေး ၁၅% သတ်မှတ်တဲ့ Small Business Program တစ်ခု ကြေညာခဲ့ပါတယ်။ ခန့်မှန်းခြေအရ App Store Developers တွေရဲ့ ၉၈% လောက်ဟာ ဒီပရိုဂရမ်မှာ အကျုံးဝင်နေတယ်လို့ ဆိုပါတယ်။
တကယ်လို့ App Store အတွက် ကော်မရှင်ကြေးကို တစ်တန်းတည်း ၃၀% နဲ့ ထားပြီး ကောက်ခံမယ်ဆိုရင်တော့ ၂၀၂၁ ခုနှစ်အတွက် App Store ရောင်းအားဟာ ဒေါ်လာ ၈၅.၇၁ ဘီလျံအထိ တက်လာဖို့ ရှိတယ်လို့ CNBC လေ့လာမှုတွေက ခန့်မှန်းထားပါတယ်။ ကော်မရှင်ကြေးအကုန်လုံးကို ၁၅% နဲ့ပဲ တွက်ဝယ်မယ်ဆိုရင် ဒေါ်လာ ၇၀.၅၈ ဘီလျံ ဝင်နိုင်တယ်လို့လည်း တွက်ချက်ထားပါတယ်။