Foldable ဖုန်းတွေဟာ ပင်မရေစီးကြောင်းထဲ ဝင်ရောက်လာနေပြီလို့ ပြောပါတယ်

ခေါက်သိမ်းနိုင် Display သုံး Foldable ဖုန်းတွေဟာ စမတ်ဖုန်းပင်မရေစီးကြောင်းတစ်ခု ဖြစ်လာနေပါတယ်။ 

Samsung Mobile ဥက္ကဌ တီအမ်ရို့ရဲ့ ဘလော့ဂ်ပို့စ်အရ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတလွှား ခေါက်သိမ်းနိုင်စမတ်ဖုန်းရောင်းအားဟာ ၁၀ သန်းနီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ၂၀၂၀ ခုနှစ်က Foldable ဈေးကွက်မှာ တင်ပို့မှုထက် ၃ ဆ (၃၀၀%) ပိုမြင့်လာတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Foldable စမတ်ဖုန်းတွေအတွက် ပင်မရေစီးကြောင်းထဲ ဘောင်ဝင်တဲ့အခိုက်အတန့် ရောက်လာပြီလို့ Samsung က ကြေညာလိုက်တာ ဖြစ်ပါတယ်။ 



"ပြီးခဲ့တဲ့နှစ်က ကမ္ဘာအနှံ့မှာ Foldable စမတ်ဖုန်း ၁၀ သန်းနီးပါး တင်ပို့နိုင်ခဲ့တာကို ကျွန်တော်တို့ တွေ့ခဲ့ပါတယ်။ ဒါက ၂၀၂၀ နဲ့ စာရင် ၃၀၀% ကျော် တိုးတက်လာတာ ဖြစ်ပါတယ်။ ဒီလို မြန်ဆန်တဲ့ ဖွံ့ဖြိုးမှုအဟုန်ဟာ ဆက်ပြီး ရှေ့ဆက်သွားနေဦးမယ်လို့ ကျွန်တော်ခန့်မှန်းပါတယ်။ ကျွန်တော်တို့တွေဟာ ဒီ Foldable ဖုန်းတွေ ပျံ့နှံထိုးဖောက်လာပြီး စမတ်ဖုန်းဈေးကွက်မှာ ပိုကြီးတဲ့ ဝယ်လိုအားတွေ ရလာနေတဲ့ အခိုက်အတန့်တွေ ရောက်လာနေပါတယ်" လို့ တီအမ်ရို့ဒ်က ဆိုပါတယ်။

IDC ရဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်အတွင်း Foldable ဖုန်းတင်ပို့မှုဟာ စုစုပေါင်း အလုံးရေ ၇.၁ သန်းခန့် ရှိတယ်လို့ ဖော်ပြထားပါတယ်။ Foldable ဖုန်းဈေးကွက်ကို ၂၀၁၉ ခုနှစ်ကတည်းက လမ်းကြောင်းသစ်အနေနဲ့ ထိုးဖောက်လာခဲ့တဲ့ Samsung ဟာ လက်ရှိ Foldable ဖုန်းဈေးကွက်မှာ ထိပ်တန်းဖုန်းအမှတ်တံဆိပ်အဖြစ် ရှေ့က ပြေးနေပါတယ်။ Samsung ရဲ့ Galaxy Fold နဲ့ Flip စီးရီးတွေဟာ ရှားရှားပါးပါး Foldable ဖုန်း Brand တွေအကြားမှာ ကျော်ကြားတဲ့ ထုတ်ကုန်တွေအဖြစ် ရပ်တည်နေပါတယ်။ 


လက်ရှိ Foldable ဖုန်းဈေးကွက်မှာ Samsung Galaxy Fold နဲ့ Flip အပြင် OPPO Find N နဲ့ Honor Magic V အပြင် Motorola Razr တို့လည်း ဝင်ရောက်ထားပါတယ်။ Samsung Galaxy Foldable ဖုန်းဝယ်သူတွေရဲ့ ၇၀% ဟာ ဈေးပိုသက်သာတဲ့ Galaxy Flip ထုတ်ကုန်တွေကို ရွေးချယ်ကြတယ်လို့ ဆိုပါတယ်။ Samsung ဟာ လာမယ့် ဩဂုတ်လ ၁၀ ရက်နေ့မှာလည်း Galaxy Unpacked ပွဲတစ်ခု ကျင်းပသွားဖို့ ရှိပြီး ဒီပွဲမှာ Foldable ထုတ်ကုန်သစ်တွေ ကြေညာသွားဖို့ ရှိပါတယ်။ 

Samsung ဟာ စတုတ္ထမျိုးဆက် Foldable ဖုန်းတွေ ထုတ်လုပ်ဖို့ ပြင်နေပြီး လက်ရှိအချိန်အထိ Samsung ထုတ် Foldable ဖုန်းတွေဟာ ဒေါ်လာ ၁၀၀၀ နဲ့အထက် ဈေးနဲ့ ထွက်ထားတာ ဖြစ်ပါတယ်။ ဈေးအသက်သာဆုံးလို့ ပြောနိုင်တဲ့ Galaxy Z Flip 3 ဟာ ၉၉၉ ဒေါ်လာဈေးကနေ စတင်ပါတယ်။ တောင်ကိုရီးယား ETNews သတင်းအရ Samsung ဟာ ပိုပြီး ဈေးနှုန်းသင့်တင့်တဲ့ Foldable ဖုန်း ထုတ်လုပ်နေပြီလို့ သိရပါတယ်။ 

ဒီသတင်းအရဆို Samsung ဟာ လက်ရှိ Galaxy Foldable Lineup ထက် ဈေးပိုသက်သာတဲ့ Galaxy Z Flip နဲ့ Galaxy Z Fold ထုတ်ကုန်တွေ ထုတ်လုပ်နေပြီး ဈေးနှုန်းအနေနဲ့ ဝမ် ၁ သန်းအောက် (မြန်မာငွေ ၁၅ သိန်းဝန်းကျင်တန်) ပဲ ကျသင့်မယ်လို့ ဆိုပါတယ်။ ဩဂုတ်လ ၁၀ ရက်နေ့ Galaxy Unpacked ပွဲမှာ ဈေးသက်သာပြီး နည်းပညာပို ဆန်းသစ်မယ့် Galaxy Foldable ထုတ်ကုန်တွေ မြင်ရမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က