Xiaomi ရဲ့ တစ်နှစ်တာ စမတ်ဖုန်းရောင်းအားဟာ ၂၀၂၁ ခုနှစ်မှာ စံချိန်တစ်ခု စိုက်ထူနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဘဏ္ဍာရေးရလဒ်အကြောင်း ထုတ်ပြန်ရာမှာ ဘေဂျင်းအခြေစိုက် Xiaomi ကုမ္ပဏီဟာ ဝင်ငွေ ယွမ် ၃၂၈ ဘီလျံ ရခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ကထက် ဝင်ငွေ ၃၃.၅% ပိုမြင့်တက်လာခဲ့တယ်လို့ GSMArena သတင်းမှာ ဖော်ပြပါတယ်။ အသားတင်အမြတ်ငွေ ယွမ် ၂၂ ဘီလျံ ရခဲ့တာကြောင့်လည်း အရင်နှစ်ကထက် ဖွံ့ဖြိုးမှု ၆၉.၅% ပိုရခဲ့တာလို့ ဆိုပါတယ်။
Xiaomi အတွက် စမတ်ဖုန်းစီးပွားရေးဖွံ့ဖြိုးမှုအားကောင်းခဲ့ပြီး ကမ္ဘာတလွှား ဖုန်းအလုံးရေ ၁၉၀.၃ သန်း တင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒါဟာ ၂၀၂၀ ပြည့်နှစ် Xiaomi ဖုန်းတင်ပို့မှုထက် ၃၀% ကျော် ပိုများလာတာလည်း ဖြစ်ပါတယ်။ ၂၀၂၁ Xiaomi ဖုန်းတင်ပို့မှုထဲက အလုံးရေ ၂၄ သန်းဟာ ပရီမီယံတန်းထဲက မော်ဒယ်တွေ ဖြစ်ပြီး ဒါဟာ နှစ်အလိုက်ဖွံ့ဖြိုးမှု ၁၆၀% အထိ ရှိလာတာလည်း ဖြစ်ပါတယ်။
စမတ်ဖုန်းရောင်းအားတစ်ခုတည်းကနေ ရတဲ့ ဝင်ငွေဟာ ယွမ် ၂၀၈.၉ ဘီလျံထိ ရှိခဲ့ပြီး စမတ်ဖုန်းတင်ပို့မှု သန်း ၁၉၀ အထိ ရှိခဲ့ပါတယ်။ ဘဏ္ဍာရေးရလဒ်တွေအရ Xiaomi စုစုပေါင်းဝင်ငွေရဲ့ တစ်ဝက်နီးပါး ယွမ် ၁၆၃.၆ ဘီလျံဟာ နိုင်ငံခြားဈေးကွက်တွေကနေ ဝင်တာလို့ ဆိုပါတယ်။ ၂၀၂၀ မှာ ရတဲ့ နိုင်ငံခြားဈေးကွက်ဝင်ငွေထက် ၃၃.၇% တက်လာတာလည်း ဖြစ်ပါတယ်။
Xiaomi ဟာ ကမ္ဘာ့ဈေးကွက် ၆၂ နေရာမှာ Top 5 စာရင်းဝင် စမတ်ဖုန်းကုမ္ပဏီ အဖြစ် ရပ်တည်နေပြီး ဒီဈေးကွက်ထဲက ၁၄ ခုမှာ ရောင်းအားအကောင်းဆုံးဖုန်းအဖြစ် ရှိနေပါတယ်။ စမတ်ဖုန်းထုတ်ကုန်အပြင် AI ထုတ်ကုန်ဘက်လည်း တိုးချဲ့လာနေတဲ့ Xiaomi ဟာ စမတ်ထုတ်ကုန်တွေကနေ နှစ်အလိုက် ၂၆% တိုးလာပြီး ယွမ် ၈၅ ဘီလျံအထိ ရောက်ခဲ့ပါတယ်။ အဲကွန်း ၊ ရေခဲသေတ္တာ နဲ့ အဝတ်လျှော်စက်တွေလိုမျိုး လူသုံးကုန်လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးမှာ နှစ်အလိုက် ၆၀% ပို တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်အတွက် Xiaomi ရဲ့ နောက်ထပ်မှတ်တိုင်တစ်ခုက ကမ္ဘာတစ်ဝှမ်း MIUI လစဉ်သုံးစွဲသူဦးရေ ၂၀၂၀ ခုနှစ်ကထက် ၂၈.၄% တိုးတက်လာခဲ့ပြီး ၅၀၉ သန်းအထိ ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ Xiaomi ဟာ သူ့ရဲ့ User Interface ထဲက ကြော်ငြာတွေကနေလည်း ဝင်ငွေရနေပြီး ဝင်ငွေပမာဏ ၄၂.၃% တိုးပြီး ယွမ် ၁၈.၁ ဘီလျံအထိ တက်လာခဲ့တယ်လို့ သိရပါတယ်။