ထိပ်တန်း Influencer တစ်ယောက်ဟာ စပွန်ဆာပို့စ်တစ်ခုအတွက် ဒေါ်လာသိန်းချီ ၊ သန်းချီ ဝင်ကြေးရနိုင်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က နာမည်ကျော် ဆယ်လီတစ်ဦးဖြစ်တဲ့ ကိုင်လီဂျန်နာဟာ Instagram မှာ ပို့စ်တစ်ခုချင်းအလိုက် ဝင်ငွေအမြင့်ဆုံးရခဲ့ရာကနေ ၂၀၂၀ မှာ မင်းသားကြီး The Rock ဒွိုန်းဂျွန်ဆင်က ကုန်အမှတ်တံဆိပ် ပရိုမိုးရှင်းပို့စ်တစ်ခုအတွက် ဒေါ်လာ ၁.၀၁၅ သန်းနှုန်း ရပြီး နံပါတ်တစ်နေရာရောက်သွားခဲ့ပါတယ်။ ဒီနှစ်အတွက် Instagram ဝင်ငွေဘုရင်ကတော့ အားကစားနယ်က ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်ရဲ့ Instagram စပွန်ဆာပို့စ်တစ်ခုချင်းအလိုက် ဝင်ငွေအမြင့်ဆုံးပုဂ္ဂိုလ်တွေရဲ့ စာရင်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
(၅) ဆယ်လီနာ ဂိုးမက်ဇ်
Photo;SCMP
Follower သန်း ၂၈၀ ကျော် အထိ ရှိထားတဲ့ အသက် ၂၉ နှစ်အရွယ် အမေရိကန်အဆိုတော် ဆယ်လီနာ ဂိုးမက်ဇ်ဟာ Barney & Friends ဆိုတဲ့ ကလေးတီဗွီစီးရီးမှာ သရပ်ဆောင်ဘဝ စတင်ခဲ့ပြီး ဇာတ်လမ်းတွဲကြီးတွေမှာ သရုပ်ဆောင်နိုင်ခဲ့သလို အဆိုတော်အဖြစ်လည်း အောင်မြင်ကျော်ကြားသူတစ်ဦးဖြစ်ပါတယ်။
သီချင်းရေး ၊ သီချင်းဆို ၊ သရုပ်ဆောင်နဲ့ တခြား အနုပညာအလုပ်တွေလည်း လုပ်တဲ့ သူမဟာ ၂၀၁၆ အတွက် Forbes ရဲ့ 30 Under 30 စာရင်းမှာ ဖော်ပြခံခဲ့ရသူပါ။ ၂၀၂၁ အတွက် သူမရဲ့ Instagram ပို့စ်တစ်ခုချင်းအလိုက် ရတဲ့ငွေကြေးက ဒေါ်လာ ၁.၄၆ သန်း ရှိတယ်လို့ ဆိုပါတယ်။
(၄) ကိုင်လီ ဂျန်နာ
Photo;SCMP
လူမှုကွန်ရက်ဘုရင်မတစ်ဦးအဖြစ် နာမည်ကြီးတဲ့ ကိုင်လီဂျန်နာဟာ အသက်အငယ်ဆုံး ဘီလျံနာတွေထဲက တစ်ဦးဖြစ်ပြီး Relaity TV စတားနဲ့ ဖက်ရှင်လောကမှာလည်း နာမည်ကျော်ကြားသူတစ်ဦးပါ။ Instagram မှာ Follower သန်း ၂၅၀ နီးပါး ရှိထားပြီး ပို့စ်တစ်ခုချင်းအလိုက် ဒေါ်လာ ၁.၄၉ သန်း ဝင်နေပါတယ်။
(၃) အရီယာနာ ဂရန်ဒီ
Photo;SCMP
ဝင်ငွေအမြင့်ဆုံးနဲ့ နာမည်အကြီးဆုံး ဆယ်လီတစ်ဦးဖြစ်တဲ့ အရီယာနာ ဂရန်ဒီဟာ သီချင်းဆို ၊ သရုပ်ဆောင်အလုပ်တွေ လုပ်ပါတယ်။ လူမှုကွန်ရက်တွေဖြစ်တဲ့ TikTok ပေါ်မှာ Follower ၂၅ သန်း ခန့် ၊ Twitter follower သန်း ၈၀ နဲ့ YouTube Subscribers ၄၈ သန်းကျော် ရှိထားတဲ့ သူမဟာ ၂၀၁၉ ဇွန်ကနေ ၂၀၂၀ ဇွန်လအတွင်း ဒေါ်လာသန်း ၇၀ အထိ ငွေရှာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Instaram မှာ Follower ၂၅၂ သန်းကျော် ရှိထားတဲ့ သူမဟာ ပို့စ်တစ်ခု ဒေါ်လာ ၁.၅၁ သန်း ဝင်ကြေးရနေသူလည်း ဖြစ်ပါတယ်။
(၂) ဒွိန်းဂျွန်ဆင်
Photo;SCMP
၂၀၂၀ ရဲ့ ကြေးအမြင့်ဆုံး သရုပ်ဆောင် မင်းသားကြီး ဒွိန်းဂျွန်ဆင်ဟာ Instagram မှာ Follower ၂၇၈ သန်းကျော် ရှိထားပြီး ကြော်ငြာပို့စ်တစ်ခုကို ဒေါ်လာ ၁.၅၂ သန်း ဝင်တယ်လို့ ဆိုပါတယ်။ ခန့်မှန်းခြေ အသားတင် ဒေါ်လာသန်း ၄၀၀ ခန့် ကြွယ်ဝတဲ့ သူဟာ တစ်နှစ်ကို ဒေါ်လာသန်း ၁၀၀ ကျော် ဝင်ကြေး ရှိသူလည်း ဖြစ်ပါတယ်။
(၁) ခရစ္စတီယာနို ရော်နယ်ဒို
Photo;SCMP
၂၀၂၁ ခုနှစ်အတွက် Instagram ပို့စ်အလိုက် ဝင်ကြေးအများဆုံးရသူအဖြစ် မှတ်တမ်းဝင်သူက ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒိုပါ။ မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်ရောက်လာတဲ့ ဒီဘောလုံးအကျော်အမော်ဟာ Instagram Follower သန်း ၃၈၀ ကျော် ခန့် ရှိထားပြီး ပို့စ်တစ်ခုအတွက် ဒေါ်လာ ၁.၆ သန်း ဝင်ငွေရရှိပါတယ်။ Instagram မှာ Follower အများဆုံးပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ရော်နယ်ဒိုဟာ Instagram ရဲ့ နှစ်စဉ် Rich List မှာ နံပါတ်တစ်နေရာ ပထမဆုံးရောက်လာတဲ့ ဘောလုံးသမားလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
Instagram ရဲ့ ပို့စ်တစ်ခုချင်းအလိုက် ဝင်ငွေအများဆုံးရတဲ့ Rich List ၁၀ ဦးစာရင်းမှာ တခြား ၅ ဦးအဖြစ် ဖော်ပြဖို့ ကျန်ခဲ့သူတွေကတော့ ကင်မ် ကာဒါရှီယန် (ဒေါ်လာ ၁.၄၁ သန်း) ၊ လိုင်ယွန်နယ် မက်ဆီ (ဒေါ်လာ ၁.၁၆ သန်း) ၊ ဘီယွန်စေး (ဒေါ်လာ ၁.၁၄ သန်း) ၊ ဂျက်စတင်ဘီဘာ (ဒေါ်လာ ၁.၁ သန်း) နဲ့ ကန်ဒဲလ် ဂျန်နာ (ဒေါ်လာ ၁.၀၅ သန်း) တို့ ဖြစ်တယ်လို့ HopperHQ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။