၂၀၂၁ ခုနှစ်အတွင်း ဘောလုံးလောကရဲ့ အံ့အားအသင့်ရဆုံးအခိုက်အတန့်ကို ရွေးချယ်မှုမှာ မက်ဆီရဲ့ မန်စီးတီးနဲ့ပွဲစဉ်မှာ အလွတ်တည်ကန်ဘောကို ဝင်ရောက်ကာကွယ်ပေးမှုက ထိပ်ဆုံးမှာရှိနေခဲ့တယ်လို့ talkSPORT က ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာမှာ ၁၇ နှစ်ကြာ ကစားပေးခဲ့ပြီးနောက် မက်ဆီဟာ ပီအက်စ်ဂျီကို ဒီရာသီမှာ ပြောင်းရွှေ့သွားခဲ့တာလည်းဖြစ်ပါတယ်။
စက်တင်ဘာလ ၂၈ ရက်နေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်မှာတော့ မက်ဆီပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ခြေစွမ်းပြခဲ့ကာ နေမာ၊ ဘတ်ပီ၊ ဘာနာဒိုဆေးလ်ဗား၊ ဒီဘရိုင်းတို့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ပြက္ခဒိန်တနှစ်တာအတွင်းမှာ အကောင်းဆုံးပွဲတခုလိုတောင် ခံစားခဲ့ရတယ်လို့လည်း talkSPORT က ဆိုပါတယ်။
မန်စီးတီးအသင်းက အဆိုပါပွဲမှာ အလွတ်တည်ကန်ဘောရရှိခဲ့ချိန် ပီအက်စ်ဂျီက လူတံတိုင်းကာဖို့ ပြင်ဆင်နေခဲ့ပါတယ်။ ဒီအချိန်မှာ ပီအက်စ်ဂျီအသင်းခေါင်းဆောင်မာကွင်ဟို့စ်က မက်ဆီကိုလှမ်းခေါ်ပြီး လူတံတိုင်းနောက်မှာ လှဲအိပ်ကာ ကာကွယ်ပေးဖို့ ညွှန်ကြားခဲ့ရာမှာ မက်ဆီက ဘာစောဒကမှမတက်ဘဲ ဝင်ရောက်ကာကွယ်ပေးခဲ့ပြီး အားလုံးကို အံ့အားသင့်စေခဲ့ပါတော့တယ်။
ပရိသတ်အများအပြားကနေ မက်ဆီရဲ့ အပြုအမူနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်ခဲ့ရပြီး ဘာကာမှာ ဘုရင်တပါးလိုမျိုး အခွင့်ထူးခံရခဲ့သူက ဒီလိုလုပ်ဆောင်နေရတာမဖြစ်သင့်ဘူးလို့ ထောက်ပြခဲ့ပါတယ်။ တချို့ကတော့ မက်ဆီက အသင်းအတွက် ကျရာနေရာကနေ တာဝန်ယူပေးခဲ့တာလို့ ချီးကျူးခဲ့ကြပြီး အဆိုပါအဖြစ်အပျက်ကတော့ ၂၀၂၁ ရဲ့ အံ့အားသင့်ဖွယ်အကောင်းဆုံးတခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။