ပီအက်စ်ဂျီနဲ့အာဂျင်တီးနားကစားသမား မက်ဆီဟာ ဖောဘတ်စ်ကထုတ်ပြန်တဲ့ (၂၀၂၂) အတွက် ကမ္ဘာ့ဝင်ငွေအများဆုံး အားကစားသမားစာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ ရော်နယ်ဒိုကလည်း ဒီစာရင်းရဲ့ ထိပ်ပိုင်းနေရာမှာ ရှိနေပေမယ့် အံ့အားသင့်ဖွယ်ကောင်းစွာနဲ့ပဲ မက်ဆီရဲ့ ကျော်တက်ခြင်းကိုခံခဲ့ရတာပါ။
ဖောဘတ်စ်က ထုတ်ပြန်တဲ့အချက်အလက်အရ ရော်နယ်ဒိုဟာ ကွင်းတွင်းဝင်ငွေ အမေရိကန်ဒေါ်လာသန်း (၆၀)၊ ကွင်းပြင်ပဝင်ငွေ အမေရိကန်ဒေါ်လာ (၅၅) သန်း၊ စုစုပေါင်းဝင်ငွေ (၁၁၅) သန်း ရရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုထက် ပိုများတဲ့ အားကစားသမားကလည်း တကမ္ဘာလုံးမှာ နှစ်ယောက်တည်းရှိပါတယ်။
သူတို့နှစ်ယောက်ကတော့ အဆင့် (၂) နေရာက NBA ကြယ်ပွင့် လီဘရွန်ဂျိမ်းစ်၊ ပီအက်စ်ဂျီကစားသမား မက်ဆီတို့ပဲဖြစ်ပါတယ်။ မက်ဆီကတော့ ကွင်းတွင်းဝင်ငွေ အမေရိကန်ဒေါ်လာ (၇၅) သန်း၊ ကွင်းပြင်ပဝင်ငွေ (၅၅)သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာသန်း (၁၃၀)၊ လီဘရွန်ဂျိမ်းစ်ကတော့ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၂၁.၅) သန်းနဲ့အတူ ရော်နယ်ဒိုရဲ့အပေါ်မှာ အစဥ်လိုက် ရပ်တည်နေတာဖြစ်ပါတယ်။
အခြားသော ပီအက်စ်ဂျီကစားသမားဖြစ်တဲ့ နေမာကတော့ ရော်နယ်ဒိုရဲ့နောက် အဆင့် (၄) နေရာမှာ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ (၉၅) သန်းနဲ့ ရပ်တည်နေပါတယ်။ ဒီစာရင်းတွေကိုတော့ ပြီးခဲ့တဲ့ (၂၀၂၁) မေ (၁) ကနေ အခု (၂၀၂၂) မေ (၁) အတွင်း တွက်ချက်ထားတာပဲဖြစ်ပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီနဲ့အတူ ပထမဆုံး ဘောလုံးရာသီမှာ စိတ်ပျက်စရာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ ရော်နယ်ဒိုရော၊ မက်ဆီရော နှစ်ယောက်လုံးတပြိုင်နက်တည်း အသင်းပြောင်းခဲ့တဲ့အပေါ် ပရိသတ်စိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။
ပီအက်စ်ဂျီကတော့ ပြင်သစ်လီဂူးချန်ပီယံဖြစ်ခဲ့သည့်တိုင် မက်ဆီရဲ့ ခြေစွမ်းပိုင်းက ပရိသတ်တွေအတွက် အားရစရာမရှိခဲ့ပါဘူး။ အထူးသဖြင့် ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ်ကနေထွက်ခဲ့ရပြီးနောက်ပိုင်း မက်ဆီကို ပီအက်စ်ဂျီပရိသတ်တွေက ပြန်လည်လှောင်ပြောင်ခဲ့ကြပါတယ်။ ဒီအချိန်မှာ ရော်နယ်ဒိုက ယူနိုက်တက်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် မက်ဆီထက် အချက်အလက်ပိုင်းအရ သာလွန်နေပေမယ့် ဝင်ငွေပိုင်းဆိုင်ရာမှာတော့ မက်ဆီက အခုလိုပဲ အသာရခဲ့တာဖြစ်ပါတယ်။