ဟော်လန်နည်းပြဟောင်း လူး၀စ္စဗန်ဂါးလ်က ပြီးခဲ့တဲ့ ကာတာကမ္ဘာ့ဖလားပွဲမှာ ကစားခဲ့တဲ့ အာဂျင်တီးနား-ဟော်လန်ပွဲဟာ ကြိုတင်ကြံစည်ထားတဲ့ ပွဲဖြစ်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ အဆိုပါပွဲမှာ အကြိတ်အနယ်ကစားခဲ့ရပြီး အာဂျင်တီးနားက ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အာဂျင်တီးနားဟာ ၂ ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဟော်လန်အတွက် ဝက်စ်ဟော့ဂျ်က ချေပဂိုးတွေ သွင်းယူပေးခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတာပါ။ ပွဲချိန်အတွင်းမှာလည်း နှစ်ဖက်အသင်းကြား စကားများခဲ့ကြပြီး မက်ဆီရဲ့ အောင်ပွဲခံဟန်ကလည်း ထင်ရှားခဲ့ကာ ကာတာကမ္ဘာ့ဖလားမှာ ထင်ရှားတဲ့ ပွဲဖြစ်ခဲ့ပါတယ်။
"ဟော်လန်နဲ့ အာဂျင်တီးနားပွဲအကြောင်းကို ကျနော်မပြောချင်တော့အောင်ပါပဲ၊ သူတို့ ဂိုးရခဲ့ပုံ၊ ကျနော်တို့ ဂိုးရခဲ့ပုံနဲ့ အာဂျင်တီးနားကစားသမားတွေ စည်းကျော်လာခဲ့တာတောင်မှ ပြစ်ဒဏ်မပေးခံရတာတွေကို မြင်ရင် ခင်ဗျားသိလိမ့်မယ်၊ ဒါက ကြိုတင်ကြံစည်ထားတဲ့ပွဲလို့ ကျနော်တွေးခဲ့တယ်၊ မက်ဆီ ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာရစေမယ်ပေါ့ဗျာ၊ ကျနော်ကတော့ အဲလိုပဲ ထင်တယ်" လို့ ဗန်ဂါးလ်က ပြောဆိုခဲ့ပါတယ်။
အာဂျင်တီးနားဟာ ဗိုလ်လုပွဲမှာ ပြင်သစ်ကို အနိုင်ရရှိခဲ့ပြီး ဆုဖလားရယူနိုင်ခဲ့တာပါ။ မက်ဆီအတွက် ပထမဆုံး ကမ္ဘာ့ဖလားဖလားလည်းဖြစ်ခဲ့ပါတယ်။ ဟော်လန်နဲ့ အာဂျင်တီးနားပွဲအကြောင်း ဗန်ဂါးလ်ကို ပြန်လည်မေးမြန်းခဲ့ချိန်မှာ သူက အထက်ပါအတိုင်း ပြောဆိုခဲ့ပြီး မက်ဆီ ကမ္ဘာ့ချန်ပီယံဖြစ်လာဖို့ ရည်ရွယ်ခဲ့ကြတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။