ကာတာ ကမ္ဘာ့ဖလားမှာ ဒီနည်းပညာသုံးဖို့ ကွင်းလယ်ဒိုင်များကော်မတီဥက္ကဌကလည်း ထောက်ခံထားပါတယ်

၂၀၂၂ ကမ္ဘာ့ဖလားမှာ လူကျွံဘောဖမ်းရာမှာ ပိုပြီး တိကျဖို့ AI နည်းပညာပါတဲ့ ကင်မရာတွေ အသုံးပြုသွားမယ်လို့ FIFA ဘောလုံးအဖွဲ့ချုပ်က ကြေညာပါတယ်။ 

လာမယ့် နိုဝင်ဘာလ ကာတာမှာ ကျင်းပမယ့် FIFA ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ ဒီနည်းပညာကို ပထမဆုံး အသုံးပြုသွားမှာ ဖြစ်ပြီး အရင် ဖီဖာပြိုင်ပွဲတွေမှာ အောင်အောင်မြင်မြင် စမ်းသပ်ထားတယ်လို့ ဆိုပါတယ်။ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ချရာမှာ ကူညီပေးမယ့် ဒီ Semi-Automated Offside နည်းပညာကို ဘောလုံးအတွင်း Sensor တစ်ခု နဲ့ ကွင်းအမိုင်းအောက် ခြေရာခံကင်မရာ ၁၂ ခုတို့နဲ့ ဖွဲ့စည်းထားတာပါ။ 





ဘောလုံးမှာ တပ်ဆင်ထားတဲ့ အီနားရှားတိုင်းယူနစ် IMU Sensor ကနေ သူ့ရဲ့တည်နေရာကို တစ်စက္ကန့် အကြိမ် ၅၀၀ နှုန်းနဲ့ ထုတ်လွှင့်နေမှာပါ။ ခြေရာခံကင်မရာတွေက ဘောလုံးသမားတစ်ဦးချင်းစီရဲ့ လက် ၊ ပခုံး ၊ ကိုယ်လုံး စတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း Data Points ၂၉ မျိုးကို Machine Learning နည်းပညာအားကိုးနဲ့ ခြေရာခံနိုင်စွမ်း ရှိပြီး ဘောလုံးနဲ့ ကစားသမားတွေရဲ့ တည်နေရာအနေအထားကိုလည်း တစ်စက္ကန့် ဖရိမ် ၅၀ နှုန်းနဲ့ အတိအကျ သိအောင် တွက်ချက်ဖော်ပြပေးနေမှာ ဖြစ်ပါတယ်။ 

ရလာတဲ့ အချက်အလက်တွေက တစ်ဆင့် လူကျွံဘောသိနိုင်မယ့် System ကနေ ဗွီဒီယိုရိုက်ကူးရေးခန်းထဲက ပွဲတာဝန်ခံတွေကို ကစားသမားတစ်ယောက် လူကျွံ/မကျွံဆိုတာကို အလိုအလျောက် အသိပေးမှု လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဘောလုံးနဲ့ တစ်ဖက် ခံစစ်ကစားသမားကို ကျော်ပြီး ပြိုင်ဘက်အသင်း ဂိုးစည်းနားမှာ ကစားသမားရဲ့ ကိုယ်လုံးအစိတ်အပိုင်းတစ်ခုခု ကျော်ရောက်သွားတာနဲ့ လူကျွံဘောအချက်ပြမှု ထွက်လာမှာ ဖြစ်ပါတယ်။ 



System က ပေးပို့လာတဲ့ အသိပေးချက်ကို ကွင်းလယ်ဒိုင်တွေဆီ အသိပေးမှုမလုပ်ခင်မှာ ဗွီဒီယိုခန်းထဲက ပွဲတာဝန်ခံတွေဟာ အချက်အလက်ကို လူကိုယ်တိုင် ပြန်ဆန်းစစ်ကြမှာပါ။ လူကျွံဘောအချက်အလက်ကိုလည်း System ဟာ သုံးဖက်မြင် 3D Animation ပုံစံနဲ့ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ FIFA ရဲ့ ခန့်မှန်းချက်အရ ဒီဖြစ်စဉ်တစ်ခုလုံးအတွက် အချိန်စက္ကန့်အနည်းငယ်ပဲ ကြာမြင့်မယ်လို့လည်း ဆိုပါတယ်။ 

"စမ်းသပ်ချက်တွေအရ အားရစရာအောင်မြင်မှုတွေ ရထားပါတယ်။ ဒါကို ကာတာမှာ သုံးဖို့ ကျွန်တော်တို့ ယုံကြည်မှုရှိပါတယ်။ ဒိုင်နဲ့ ဒိုင်အကူလူကြီးတွေကို ကွင်းအတွင်း ဆုံးဖြတ်ချက်တွေ အကောင်းဆုံးနဲ့ အမှန်ကန်ဆုံးဖြစ်အောင် ဒီနည်းပညာက ကူညီနိုင်မှာပါ" လို့ FIFA ကွင်းလယ်ဒိုင်များ ကော်မတီဥက္ကဌ ပီယာလွီဂီ ကော်လီနာက ပြောပါတယ်။ 

Share

Loading Next Article...
က္က