Social Media ပလက်ဖောင်းတွေထဲမှာ TikTok ဟာ ဖွံ့ဖြိုးမှုအမြန်ဆုံး App အဖြစ် ခရီးဆက်နေပါတယ်။
Sensor Tower ရဲ့ ၂၀၂၂ ပထမသုံးလပတ်အချက်အလက်တွေအရ TikTok ဟာ Apple App Store ရဲ့ ဒေါင်းလုပ်ဆွဲမှုအများဆုံး App ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကမ္ဘာတလွှားက iPhone နဲ့ iPad တွေပေါ်မှာ TikTok ကို ဒေါင်းလုပ်ဆွဲမှုဟာ ၂၀၂၂ ခုနှစ် Q1 အတွင်း သန်း ၇၀ ကျော် ရှိခဲ့တာပါ။ TikTok ရဲ့ နောက်မှာ YouTube ၊ WhatsApp ၊ Instagram နဲ့ Facebook တို့က ဒေါင်းလုပ်ဆွဲမှုအများဆုံး App တွေအဖြစ် အရင်နှစ် ကာလတူကအတိုင်း ရပ်တည်နေပါတယ်။
App စတင် ဖြန့်ချိချိန်က စလို့ TikTok ကို ဒေါင်းလုပ်ဆွဲမှုဟာ သန်း ၃၅၀၀ ကျော် ရှိလာပြီ ဖြစ်ပါတယ်။ ဒါဟာ Meta (Facebook မိခင်ကုမ္ပဏီ) ပိုင် App မဟုတ်တဲ့ ထုတ်ကုန်တွေထဲမှာ ၃.၅ ဘီလျံ ဒေါင်းလုပ်စံချိန်ရ ပထမဆုံး App ဖြစ်လာတာပါ။ Sensor Tower အချက်အလက်တွေအရဆို ၂၀၁၈ နှစ်ဆန်းပိုင်းက စပြီး ဒေါင်းလုပ်ဆွဲမှုအရ TikTok ကို ကျော်နိုင်တဲ့ App မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါဟာ Apple App Store တစ်ခုတည်းပေါ်က အချက်အလက်တွေ ဖြစ်ပြီး Google Play Store ရော အပါအဝင်ဆို ၂၀၂၂ မတ်လကုန်အထိ သုံးလအတွင်း TikTok ကို ဒေါင်းလုပ်ဆွဲမှုဟာ ၁၇၅ သန်းကျော်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ App Store နဲ့ Google Play Store နှစ်ခုပေါင်း ဒေါင်းလုပ်ဆွဲမှုအရ TikTok ပြီးရင် Instagram က ဒုတိယအများဆုံး ဖြစ်ပါတယ်။ ၂၀၂၂ Q1 အတွင်း App Store ပေါ် App Downloads ဆွဲမှု ၈.၆ ဘီလျံ နဲ့ Google Play Store မှာ ဒေါင်းလုပ်ဆွဲမှု ၂၈.၃ ဘီလျံ စုစုပေါင်း ၃၆.၉ ဘီလျံအထိ ရှိခဲ့ပါတယ်။
ဂိမ်းတွေထဲကဆို Subway Surfers ၊ Wordle ၊ Coloring Match ၊ PUBG Mobile နဲ့ Roblox တို့ဟာ App Store ရဲ့ ဒေါင်းလုပ်ဆွဲမှုအများဆုံး App တွေအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး Subway Surfer ဂိမ်းကို ဒေါင်းလုပ်ဆွဲမှုဟာ ၂၀၂၂ ပထမသုံးလပတ်အတွင်း ၁၅ သန်းကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။