အရီဇိုးနား TSMC စက်ရုံထုတ် ချပ်စ်တွေ သုံးဖို့ ရှိပါတယ်

လာမယ့်နှစ်အနည်းငယ်အတွင်း Apple ဟာ အမေရိကန်မှာ ထုတ်တဲ့ Chips တွေပဲ ဝယ်သုံးတော့မယ်လို့ ဆိုပါတယ်။ 

အလုပ်ကိစ္စနဲ့ ဂျာမနီကို သွားတဲ့ ခရီးစဉ်တစ်ခုအတွင်းမှာ Apple CEO တင်မ်ကွတ်က "အရီဇိုးနားမှာ ရှိတဲ့ စက်ရုံတစ်ရုံက ဝယ်ဖို့ ဆုံးဖြတ်ချက် ချထားပါတယ်။ အရီဇိုးနားစက်ရုံက ၂၀၂၄ မှာ စလည်ပတ်မှာ ဖြစ်လို့ နောက်နှစ်နှစ် ဒီထက်လည်း စောနိုင်တယ်ပေါ့။ စီမံကိန်းတွေ ပေါ်လာပြီဖြစ်လို့ ဥရောပကနေ မှာဖို့လည်း သေချာနေပါတယ်။" လို့ ကုမ္ပဏီရဲ့ လက်လီနဲ့ လူ့စွမ်းအားအရင်းအမြစ် အကြီးအကဲ အက်ဒီချူး နဲ့ ဒီယာဒရေး အိုဘရိုင်ယန်တို့နဲ့ တွေ့ဆုံမှုမှာ ပြောသွားပါတယ်။ 




Photo: pcmag

တင်မ်ကွတ်ဘက်က အသေးစိတ် ပြောကြားခြင်း မရှိပေမယ့် အရီဇိုးနားက စက်ရုံဆိုတာ ထိုင်ဝမ် Semiconductor ထုတ်လုပ်ရေးကုမ္ပဏီ TSMC က တည်ဆောက်နေတဲ့ စက်ရုံကို ရည်ရွယ်ပုံ ရပါတယ်။ TSMC ဟာ Apple ထုတ် Flagship A-Series ချပ်စ်ပြားတွေနဲ့ Mac ထုတ်ကုန်တွေမှာ သုံးမယ့် M-series ချပ်စ်တွေ အပါအဝင် Apple သုံးနေတဲ့ Apple Silicon Processors တွေကို သီးသန့် ထုတ်လုပ်ပံ့ပိုးပေးနေတဲ့ Supplier ဖြစ်ပါတယ်။ 

Bloomberg သတင်းအရ အရီဇီုးနား TSMC စက်ရုံဟာ ၂၀၂၄ ခုနှစ်မှာ ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီး ဒီစက်ရုံကနေ လက်ရှိ Apple ထုတ်ကုန်တွေမှာ သုံးနေတဲ့ နည်းပညာထက် မျိုးဆက်တစ်ခု နိမ့်တဲ့ 5nm Chip တွေ စတင် ထုတ်လုပ်သွားမှာပါ။ ကနဦးပိုင်းမှာ တစ်လကို 5nm Chip ၂ သောင်း ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ ဒါဟာ Apple က ရည်ရွယ်ထားတဲ့ အဆင့်မြင့် 3nm chip ထုတ်လုပ်ရေးရည်မှန်းချက်ကိုတော့ ကျေနပ်စေနိုင်မှာ မဟုတ်ပါဘူး။

အမေရိကန်အစိုးရဟာ နိုင်ငံအတွင်း ချပ်စ်ထုတ်လုပ်ရေးတိုးမြှင့်ဖို့ ချပ်စ်ထုတ်လုပ်သူတွေကို ဆွဲဆောင်မှုရှိတဲ့ မက်လုံးတွေ ပေးနေပါတယ်။ အမေရိကန်အစိုးရရဲ့ Chips And Science Act အရ အမေရိကန်ရှိ Semiconductor ထုတ်လုပ်ရေး ၊ သုတေသနလုပ်ငန်းနဲ့ ဝန်ထမ်းအင်အားဖွံ့ဖြိုးမှုပိုင်းမှာ ဒေါ်လာ ဘီလျံ ၅၀ ကျော် ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။ Semiconductor နဲ့ ဆက်စပ်ပစ္စည်း ထုတ်လုပ်ရေးအတွက် ငွေရင်းကုန်ကျစရိတ်အပေါ် ၂၅% ရင်းနှီးမြှပ်နှံရေးအခွန်ကင်းလွတ်ခွင့်ပါရမှာ ဖြစ်ပါတယ်။ 


Photo: interestingengineering

Apple ဟာ ကုမ္ပဏီရဲ့တချို့ထုတ်ကုန်တွေကို အမေရိကန်မှာ တပ်ဆင်ထုတ်လုပ်မှု လုပ်ဆောင်နေပြီး ဂျာမနီနိုင်ငံမှာလည်း အင်ဂျင်နီယာရာပေါင်းများစွာ အလုပ်ခန့်ထားပါတယ်။ Apple ထုတ်ကုန်တွေ အဓိက ထုတ်လုပ်ပေးနေတဲ့ တရုတ်နိုင်ငံမှာ ဇီးရိုးကိုဗစ်မူဝါဒနဲ့ ကိုဗစ်တိုက်ဖျက်ရေး တင်းတင်းကြပ်ကြပ် လုပ်ဆောင်မှုနဲ့အတူ အမေရိကန်အစိုးရရဲ့ တရုတ်ပေါ် တင်ပို့ကုန်ပိတ်ဆို့မှုတွေကြောင့် Apple ဟာ ဗီယက်နမ်နဲ့ အိန္ဒိယတို့လို တရုတ်ပြင်ပထုတ်လုပ်ရေးအင်အားစုတွေပေါ် ပိုပြီး အားပြုလာနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က