တွမ်ခရုဇ်နဲ့ အာကာသထဲ ရုပ်ရှင်ရိုက်ခဲ့တဲ့ ယူကေရုပ်ရှင်လုပ်ငန်းတစ်ခုဟာ လာမယ့် ၂၀၂၄ ဒီဇင်ဘာမှာ နိုင်ငံတကာ အာကာသစခန်းနဲ့ ချိတ်ဆက်ထားတဲ့ ပထမဆုံးရုပ်ရှင်စတူဒီယိုတစ်ခု ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။
ယူကေအခြေစိုက် Space Entertainment Enterprise (SEE) ကုမ္ပဏီဟာ နိုင်ငံတကာအာကာသစခန်း ISS မှာ ၂၀၂၄ ခုနှစ်ကစလို့ ပထမဆုံးအာကာသ ရုပ်ရှင်စတူဒီယိုနဲ့ အားကစားကွင်းတစ်ခု ချိတ်ဆက်ဖို့ စီစဉ်ထားကြောင်း ကြေညာလိုက်တာပါ။ SEE ကုမ္ပဏီဟာ NASA ရဲ့ ပါတနာလုပ်ငန်းတစ်ခုဖြစ်တဲ့ စီးပွားဖြစ် လုပ်ငန်းသုံး အာကာသစခန်းတည်ဆောက်ရေးလုပ်ငန်း Axiom Space နဲ့ လက်တွဲပြီး ISS မှာ လေ့လာရေးသုံး အာကာသစခန်းတစ်ခု ချိတ်ဆက်တည်ဆောက်ဖို့ အလုပ်လုပ်နေတယ်လို့ ဆိုပါတယ်။
Photo: The Verge
ဒီအာကာစခန်းကို Axiom Station လို့ နာမည်ပေးသွားမှာ ဖြစ်ပြီး Axiom ဟာ လာမယ့် ၂၀၂၄ မှာ ISS ဆီ ကုမ္ပဏီရဲ့ ပထမဆုံး module ယာဉ်ခန်း Axiom Hub 1 ကို လွှင့်တင်သွားဖို့ မျှော်လင့်ရပါတယ်။ ကုမ္ပဏီအနေနဲ့ ၂၀၂၈ ခုနှစ်မှာ ISS စခန်းကနေ အပြီးတိုင် ခွဲထွက်မှုမလုပ်ခင် အာကာသစခန်းကို တည်ဆောက်သွားမှာ ဖြစ်ပြီး ၂၀၂၈ အလွန်မှာ လွတ်လွတ်လပ်လပ် ပျံသန်းနိုင်တဲ့ ယာဉ်တစ်ခုအဖြစ် ဖန်တီးသွားမှာပါ။
Axiom Station အနေနဲ့ ISS နဲ့ ချိတ်ဆက်ထားနေစဉ်မှာ SEE ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲမှာ တည်ဆောက်နေတဲ့ အာကာသစခန်းထဲမှာ ကိုယ်ပိုင် Module ချိတ်တွဲမှာ ဖြစ်ပါတယ်။ SEE-1 လို့ နာမည်ပေးထားတဲ့ Module ဟာ အာကာသထဲ ရုပ်ရှင် ၊ TV ၊ သီချင်းနဲ့ အားကစားပွဲတွေအကြောင်း ရိုက်ကူးတင်ဆက်ချင်သူတွေကို ငှားသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ စတူဒီယိုငှားရမ်းကြေးနဲ့ ခန့်မှန်းကုန်ကျစရိတ်တော့ ပြောကြားခြင်း မရှိပါဘူး။
Photo: Tech Crunch
ကုမ္ပဏီ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ SEE-1 ရဲ့ ကွန်ပျူတာပုံဖော် ဗွီဒီယိုနဲ့ ဓါတ်ပုံတွေမှာ SEE-1 Module ယာဉ်ဟာ ဧရာမစက်လုံးအဖြူပုံစံနဲ့ ဖော်ပြထားပြီး အတွင်းခန်းဒီဇိုင်းတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ SEE ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီ Module ယာဉ်ဟာ အချင်း ပေ ၂၀ နီးပါးအထိ ဆန့်ထုတ်နိုင်တဲ့ ယာဉ်ဖြစ်မယ်လို့ ဆိုပါတယ်။ အာကာသစခန်းမှာ ရုပ်ရှင်ရိုက်ခဲ့တဲ့ ပထမဆုံးရုပ်ရှင်ဟာ ၂၀၂၁ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ရုရှားရုပ်ရှင် The Challenge ဖြစ်ပြီး အာကာသစခန်းမှာ ၃၅ မိနစ်ကနေ မိနစ် ၄၀ အကြား ကြာတဲ့ ဇာတ်ဝင်ခန်းတွေ ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။