လာမယ့် ၂၀၂၄ ကိုကမ်းခြေမှာ နှစ်သစ်ကူးဖို့ စိတ်ကူးထားတဲ့သူတွေအတွက် ငွေဆောင်ကမ်းခြေနဲ့ပတ်သတ်ပြီး ထိရောက်တဲ့ခရီးသွားလမ်းညွှန်လေးဝေမျှပေးချင်ပါတယ်။ သန့်ရှင်းတဲ့ သဲသောင်ဖြူတွေနဲ့ စိမ်းပြာပြာ ရေကြည်အေးတွေ ပေါင်းစပ်ထားတဲ့ စွဲမက်ဖွယ် မြန်မာ့ ဂုဏ်ဆောင် ငွေဆောင် ကမ်းခြေကတော့ သာမန်ရှုခင်းကြည့် အနားယူအပန်းဖြေခရီးစဉ်တွေထက် များစွာသာလွန်တဲ့ ခံစားမှုတွေကို ပေးစွမ်းနိုင်မှာပါ။
ဘယ်လိုသွားမလဲ?
ငွေဆောင်ကမ်းခြေဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အနောက်ဖက် (၄၈-ကီလိုမီတာ) အကွာမှာ တည်ရှိပြီး ရန်ကုန်ကနေငွေဆောင်ကိုသွားမယ်ဆို ၁၆၆မိုင်အကွာအဝေးသာရှိတာကြောင့် ခရီးသွားအများစုကတော့ ကားလမ်းခရီးနဲ့သွားလေ့ရှိပါတယ်။ ကားမောင်းချိန် အချိန် ၆ နာရီခွဲလောက်သာကြာမြင့်မှာဖြစ်ပြီး အဝေးပြေးကားများနဲ့သွားမယ်ဆိုရင်တော့ တန်ဆောင်တိုင်ကာလမှာ လူများနိုင်တာကြောင့် အခုကတည်းကားလတ်မှတ်ကြိုတင် ဘိုကင်တင်ထားမှစိတ်ချရနိုင်ပါတယ်။
ဘယ်မှာတည်းမလဲ?
ငွေဆောင်မှာ ဟိုတယ်ငှားဖို့ဆိုရင် ရန်ကုန်ကနေစမထွက်ခင်ကတည်းက ဘိုကင်ကြိုတင်ထားမှသာအဆင်ပြေနိုင်မှာပါ။ ငွေဆောင်မှာရှိတဲ့ ဟိုတယ်အခန်းခတွေကတော့ တခန်းစာကို အနည်းဆုံး 80000 MMK လောက်ကနေစတာကိုတွေ့ရပြီး နေရာဒေသနဲ့ ဟိုတယ် အမျိုးအစားပေါ်မူတည်ပြီး ဈေးနှုန်း အပြောင်းအလဲတော့ရှိနိုင်ပါတယ်။
ဘာတွေလုပ်မလဲ?
- ၁။ ကမ်းခြေမှာ Chill မယ်။
ကိုယ်က အလုပ်ပင်ပန်းမှုဒဏ်တွေကနေ သက်သာဖို့ ငွေဆောင်ကိုလာခဲ့တယ်ဆိုပါစို့။ တနေ့တာကို ဘာမှမလုပ်ဘဲ ကမ်းစပ်နားသွားပြီး သောင်ပြင်အထက်မှာ လမ်းလျှောက်ရင်း ပင်လယ်ရဲ့အငွေ့အသက်ကို ခံစားကာ အတွေးနယ်ချဲ့နေတာကလည်း စမ်းကြည့်သင့်တဲ့အတွေ့အကြုံတစ်ခုပါ။
- ၂။ ကျွန်းတွေကို လျှောက်လည်မယ်။
ငွေဆောင်ရောက်တဲ့အခါ အထင်ကရကျွန်းတွေဖြစ်တဲ့ မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများကျွန်းနဲ့ ဘုရားသုံးဆူကို သွားရောက်လည်ပတ်သင့်ပါတယ်။ ကျွန်းတွေကိုလည်ပတ်မယ်ဆိုရင် ကားနဲ့လည်းသွားလို့ရသလို တုတ်တုတ်၊ ဆိုင်ကယ်တို့နဲ့လည်း အဆင်ပြေသလိုသွားနိုင်ပါတယ်။
- ၃။ ရွာဈေးတန်းမှာဈေးဝယ်မယ်။
ပင်လယ်ထွက် အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းတွေ စုံလင်တဲ့အပြင် စားသောက်ဆိုင်တွေ စည်စည်ကားကားနဲ့ မနက်ရော ညပါ အသက်ဝင်နေတဲ့ ငွေဆောင်ရဲ့ ရွာဈေးတန်းလေးကိုလည်း လည်ပတ်သင့်ပါတယ်။ ငွေဆောင်က တစ်နေရာကနေ တစ်နေရာကို နည်းနည်းလှမ်းတာကြောင့် တုတ်တုတ်စီးပြီး သွားရမှာပါ။ ဒါပေမယ့် တုတ်တုတ်ဆရာကြီးတွေဆီက ဖုန်းနံပါတ်လေးတောင်း ထားလိုက်ရင် နောက်ရက်တွေကျ ဖုန်းဆက်ခေါ်လိုက်ရုံပါပဲနော်။
- ၄။ ရေအောက်မှာလည်ပတ်မယ်။
ရုပ်ရှင်တွေထဲကလို ရေအောက်ငုံ့ျင်သူတွေအတွက်လည်း Myanmar Dive Center ဆိုတာ ငွေဆောင်မှာရှိပါတယ်။ အဲဒီက ကျွမ်းကျင်တဲ့နည်းပြတွေက ရေအောက်မှာလည်ပတ်နိုင်ဖို့ ကူညီပေးတာကြောင့် Scuba Diving အတွေ့အကြုံရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ရေအောက်ကမ္ဘာကိုလည်ပတ်နိုင်မှာပဲဖြစ်ပါတယ်။
- ၅။ အနီးနားရွာတွေဆီ လည်ပတ်မယ်။
ငွေဆောင်မှာ ကမ်းခြေတင်လည်ပတ်ရတာအားမရသေးရင် အနီးနားကရွာတွေဆီကိုလည်း တုတ်တုတ် (ဒါမှမဟုတ်) ဆိုင်ကယ်ပတ်စီးပြီး လျှောက်လည်နိုင်ပါသေးတယ်။ ငွေဆောင်မှာ ရက်အပြတ်နဲ့ ဆိုင်ကယ်ငှားပေးတဲ့နေရာတွေရှိပြီး မနက် (၉) နာရီလောက်ကနေစပြီး ညနေ (၅) နာရီအထိ ငွေဆောင်ရဲ့ ရွာတွေကိုပတ်ပြီး စိတ်ကြိုက်မောင်နှင်းနိုင်မှာပါ။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။