တောင်အမေရိကအသင်းတွေ ဝင်ရောက်ကစားတော့မှာပါ။

၂၀၂၄ ခုနှစ်မှာ ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲကို တောင်အမေရိကက ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့လို အသင်းတွေပါ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ဘောလုံးအဖွဲ့ချုပ်ကြီးနှစ်ခုအကြားမှာ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဌ Zbigniew Boniek နဲ့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေ ဆွေးနွေးပြီးနောက် အတည်ပြုနိုင်ခဲ့တာလို့ Goal က ဆိုပါတယ်။

နေးရှင်းလိဂ်ပြိုင်ပွဲကတော့ ၂၀၁၈ မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ်လက်အောက်က နိုင်ငံတွေ ပါဝင်ကစားနေခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ၂၀၁၄ မှာ တောင်အမေရိကအသင်း ၁၀ သင်း ဝင်ရောက်ကစားမှာဖြစ်လို့ အကြိတ်အနယ်ရှိမယ့် ပွဲစဉ်တွေကို မြင်တွေ့ရဖွယ်ရှိကာ စိတ်ဝင်စားဖွယ်ပြိုင်ပွဲလည်း ဖြစ်ပေါ်လာဖို့ ရှိနေပါတယ်။ 

ဒီအဆိုပြုချက်နဲ့ပတ်သက်ပြီး Boniek ကို မေးမြန်းခဲ့ရာမှာ "၂၀၂၄ ပြိုင်ပွဲကစပြီး တောင်အမေရိကလည်း ပူးပေါင်းပါလိမ့်မယ်၊ ပြိုင်ပွဲကျင်းပမယ့် ပုံစံကိုတော့ ကျနော်တို့ မသိရသေးပါဘူး၊ အဖွဲ့ချုပ်နှစ်ခုကြားမှာတော့ သဘောတူညီမှုတွေရရှိခဲ့ပါပြီ" လို့ ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ပြောဆိုချက်အရ တောင်အမေရိကအသင်း ၆ သင်းက လိဂ်အေမှာကစားပြီး ကျန် ၄ သင်းကတော့ လိဂ်ဘီမှာ ဝင်ရောက်ကစားမှာဖြစ်ပါတယ်။ 

ခရီးသွားလာမှုကို လျှော့ချဖို့အတွက် ပွဲစဉ်တွေကိုတော့ ဥရောပမှာပဲ ကျင်းပသွားဖို့ မျှော်လင့်ထားကြောင်းသိရပါတယ်။ ဒီအစီအစဉ်ဟာ ကိုပါအမေရိကဖလားချန်ပီယံအာဂျင်တီးနားနဲ့ ဥရောပချန်ပီယံအီတလီတို့ လာမယ့်နှစ်ဇွန်လအတွင်းမှာ ကစားမယ့်ပွဲစဉ်အပြီးမှာ ထပ်မံသဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်ပြီး တိုက်ကြီး ၂ ခုကြား ပူးပေါင်းမှုလည်း ဖြစ်လာခဲ့ပါတယ်။ 

ဒီလိုမျိုးပြုလုပ်ခြင်းဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နဲ့ အဆိုပါဘောလုံးအဖွဲ့ချုပ်ကြား အငြင်းအခုန်တွေလည်းဖြစ်လာနိုင်ပါတယ်။ ကမ္ဘာ့ဖလားကတော့ ၄ နှစ်တစ်ကြိမ်ကျင်းပနေတာဖြစ်ပြီး အခုလို အသင်းတွေထပ်တိုးပါဝင်လာမှုက ပွဲစဉ်တွေပိုမိုများပြားလာပြီး ပြိုင်ပွဲသက်တမ်းရက်လည်း ကြာမြင့်လာနိုင်လို့ ညှိနှိုင်းမှုတွေတော့ တော်တော်လေးလုပ်ယူရဖို့ရှိနေပါတယ်။ 

Share

က္က