အိမ်တိုင်းမီးရရှိရေးအတွက် ဂျပန်နိုင်ငံဟာ ထူးခြားတဲ့စနစ်တစ်ခုကို စတင်လိုက်ပြီ ဖြစ်ပါတယ်။
အိမ်သုံးစွမ်းအင်ကဏ္ဍ ကာဗွန်စွန့်ပစ်မှုလျှော့ချရေးအတွက် တိုကျိုမြို့အုပ်ချုပ်ရေးပိုင်းဟာ လာမယ့် ၂၀၂၅ ခုနှစ်က စတင်ပြီး ဆောက်နေတဲ့ အိမ်သစ်တိုင်းမှာ Solar အမိုးပြားတွေ ထည့်သွင်းတပ်ဆင်ရမယ့် အစီအစဉ်တစ်ခုကို ကြေညာလိုက်တာပါ။ ဒီအမိန့်ထဲမှာ ဆောက်လုပ်ရေးကုမ္ပဏီကြီးတွေဟာ စတုရန်းမီတာ ၂၀၀၀(စတုရန်းပေ ၂၁၅၀၀၀) အောက် ရှိတဲ့ လူနေထိုင်ရာအဆောက်အဦတွေမှာ Solar Panels ပြားနဲ့ တခြားပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်တွေ မဖြစ်မနေ တပ်ဆင်အသုံးပြုရတော့မှာ ဖြစ်ပါတယ်။
Photo : Engadget
အခုလို ညွှန်ကြားချက်ဟာ ဂျပန်မှာ ပထမဆုံးလို့ ပြောနိုင်ပြီး ၂၀၃၀ အရောက်မှာ မြို့တော်အတွင်း ကာဗွန်စွန့်ပစ်မှုကို ထက်ဝက်လျှော့ချဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ကတော့ 4kW စွမ်းအင်တပ်ဆင်မှုအတွက် ယန်းငွေ ၉၈၀၀၀၀ (ဒေါ်လာ ၇၂၀၀) ကုန်ကျငွေဟာ လက်ရှိ 1KW အတွက် ယန်း ၁၀၀၀၀၀ (၇၂၈ ဒေါ်လာ) နှုန်းနဲ့ သုံးစွဲဘေလ်ကင်းလွတ်သက်သာခွင့်အရ ၆ နှစ်အတွင်း ပြန်ကာမိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
တိုကျိုအုပ်ချုပ်ရေးဘက်ရဲ့ ခန့်မှန်းချက်အရ လက်ရှိ အဆောက်အဦဟောင်းတွေရဲ့ထက်ဝက်ခန့်ဟာ ၂၀၅၀ အရောက်မှာ တည်ဆောက်မှုအသစ်တွေနဲ့ အစားထိုးရတော့မယ်လို့ ဖော်ပြထားပြီး ရှိပြီးသား အဆောက်အဦတစ်ဝက်မှာ လူနေအိမ်က ၇၀% ပါဝင်နေပါတယ်။ ၂၀၁၂ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း ဂျပန်နိုင်ငံမှာ တစ်နှစ် ပျမ်းမျှ အဆောက်အဦသစ်ပေါင်း ၈ သိန်းကနေ ၉ သိန်းကြား ဆောက်လုပ်ခဲ့ပြီး ကန်ထရိုက်လောကမှာ Super Zenecon လို့ ခေါ်တဲ့ အဓိက ကန်ထရိုက်တာတွေက ကြီးစိုးထားတယ်လို့လည်း Statista အချက်အလက်တွေက ဖော်ပြနေပါတယ်။
ဂျပန်နိုင်ငံဟာ ကမ္ဘာ့ပဉ္စမမြောက် ကာဗွန်စွန့်ပစ်မှုအကြိးဆုံး ထုတ်လုပ်လုပ်သူဖြစ်ပြီး ၂၀၅၀ မှာ ကာဗွန်သုံးစွဲမှုမရှိဖို့ ကတိပြုထားပါတယ်။ လောလောဆယ် ဆိုလာစွမ်းအင်တပ်ဆင်မှုကို ဥပဒေအရညွှန်ကြားတဲ့နိုင်ငံထဲမှာ ပြင်သစ်နိုင်ငံလည်း ပါဝင်နေပါတယ်။