လျှပ်စစ်ကားထုတ်လုပ်ဖို့ အခုထိ အကောင်အထည်မပေါ်သေးပေမယ့် နောက်နှစ်အနည်းငယ်အတွင်းမှာ လူလုံးဝမလိုတဲ့ အလိုအလျောက်မောင်းသူမဲ့ကား ထုတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
Bloomberg သတင်းမှာတော့ Apple ဟာ အလိုအလျောက်စနစ် အပြည့်အဝသုံးပြီး မောင်းနှင်နိုင်မယ့် မောင်းသူမဲ့ကားတွေ ထုတ်ဖို့ အာရုံစိုက်နေပြီး လူထိန်းချုပ်မှုပါတဲ့ Semi-Autonomous Features ပါ ယာဉ်မျိုး ထုတ်ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ပရောဂျက်ကို ဦးဆောင်တဲ့ ကယ်ဗင်လင့်ချ်ဟာ ကုမ္ပဏီရဲ့ ပထမဆုံးမော်ဒယ်ကို သူ့အလိုအလျောက် မောင်းနှင်နိုင်အောင် တီထွင်နေတယ်လို့လည်း ဆိုပါတယ်။
Apple အနေနဲ့ ၅ နှစ်ကနေ ၇ နှစ်အတွင်း ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ပစ်မှတ်ထားနေပေမယ့် သတင်းအရင်းအမြစ်တွေကတော့ ကုမ္ပဏီဟာ ၄ နှစ်အတွင်း မောင်းသူမဲ့ကား ထုတ်နိုင်ဖို့ ရည်မှန်းထားတယ်ဆိုပြီး ဖော်ပြနေကြပါတယ်။ အစီအစဉ်ဟာ သတ်မှတ်အချိန်အတွင်း ချောချောမွေ့မွေ့ အထမြောက်မယ်လို့ ယူဆထားပြီး ကား processor ရဲ့ အဓိက လုပ်ရမယ့်အပိုင်း အများအပြားလည်း လက်စသတ်နိုင်ပြီလို့ ခန့်မှန်းနေကြပါတယ်။
သတင်းသမားတွေကတော့ Apple ဟာ အတွင်းခန်းကို ဧည့်ခန်းဆောင်လို ထိုင်ခုံဒီဇိုင်း ထားသွားမယ်လို့ပြောနေကြပြီး အတွင်းခန်း အလယ်ထဲမှာ Touchscreen Infotainment စနစ်တစ်ခုလည်း ပါမယ်လို့ ဆိုပါတယ်။ ယာဉ်မောင်းလုံးဝမလိုတဲ့ Full Self-Driving ဖြစ်လို့ စတီယာရင်ဘီးနဲ့ ဘရိတ် ၊ လီဗာပြားတွေ ပါမှာ မဟုတ်ဘူးလို့လည်း ပြောနေကြပါတယ်။ တချို့ သတင်းအရင်းအမြစ်တွေမှာတော့ အရေးပေါ် အခြေအနေအတွက် လူကိုယ်တိုင် ဝင်မောင်းနိုင်မယ့် စနစ် ပါမယ်လို့ ဆိုပါတယ်။
ပုံမှန်အတိုင်း Apple ဘက်က မှတ်ချက်ပေးဖို့ ငြင်းဆန်ထားပါတယ်။ ကားပိုင်းနဲ့ပတ်သက်ပြီး Apple ဟာ ပညာရှင်အတော်များများ ခန့်အပ်ပြီး အရှိန်မြှင့်အကောင်အထည်ဖော်နေတာကိုတော့ ငြင်းမရပါဘူး။