ရော်နယ်ဒိုကတော့ လွယ်လွယ်နဲ့ လက်လျှော့ဖို့ စိတ်ကူးမရှိတဲ့ပုံပါပဲ။

ယူနိုက်တက်နဲ့ ပေါ်တူဂီတိုက်စစ်မှူးကြီး ရော်နယ်ဒိုဟာ သူ့အသက် (၄၁) နှစ်ရှိနေမယ့် လာမယ့် (၂၀၂၆) ကမ္ဘာ့ဖလားမှာပါ ပါဝင်ဆင်နွှဲနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ရှေ့နှစ်၊ ကာတာမှာကျင်းပမယ့် ကမ္ဘာ့ဖလားက ရော်နယ်ဒိုအတွက်ရော၊ မက်ဆီအတွက်ပါ နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လာမယ်လို့ ပရိသတ်တွေက ယူဆထားတာပါ။



ဒါပေမယ့် လက်ရှိအချိန်မှာ အသက် (၃၆) နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုက သူ့ရဲ့မျှော်လင့်ချက်၊ ရည်မှန်းချက်တွေကို ထပ်မံတိုးချဲ့သွားဖို့ ဆန္ဒရှိနေပြီး ကမ္ဘာ့ဖလား (၆) ကြိမ်ကစားတဲ့ ကစားသမားအဖြစ် စံချိန်တင်ခွင့်ရဖို့လည်း ပစ်မှတ်ထားနေပါတယ်။

ပေါ်တူဂီနဲ့အတူ ယူရို- ၂၀၁၆၊ နေးရှင်းလိဂ်တို့မှာ ဗိုလ်စွဲခဲ့တဲ့ ရော်နယ်ဒိုက နိုင်ငံလက်ရွေးစင်အတွက် ပွဲပေါင်း (၁၈၂) ပွဲကစား၊ သွင်းဂိုး (၁၁၅) ဂိုးသွင်းယူကာ နိုင်ငံတကာ သွင်းဂိုးအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နေတာပါ။ The Sun ရဲ့ဖော်ပြချက်အရတော့ ရော်နယ်ဒိုဟာ သူ့ကိုယ်သူ ကြံ့ခိုင်မှုပြည့်ဝနေအောင် ကြိုးစားပြီး အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့မှာ ပူးတွဲကျင်းပမယ့် (၂၀၂၆) ကမ္ဘာ့ဖလားကို ဝင်ကစားဖို့ ဆန္ဒရှိနေပါတယ်။

ရော်နယ်ဒိုနဲ့မက်ဆီတို့အတွက် လာမယ့်ကာတာကမ္ဘာ့ဖလားက (၅) ကြိမ်မြောက် ကမ္ဘာ့ဖလားဖြစ်ပြီး ဂျာမန်ဂန္တဝင် လိုသာမားသီးယက်စ်၊ မက္ကဆီကိုက ရာဖေးလ်မားကွက်ဇ်၊ ကာဘာဂျယ်လ်တို့ရဲ့ ကမ္ဘာ့ဖလားအများဆုံး ကစားထားတဲ့ စံချိန်ကို လိုက်မှီသွားမှာပါ။

အဲ့ဒီနောက်မှာလည်း ရော်နယ်ဒိုက နိုင်ငံတကာ ကစားသမားဘဝကို အနားယူသွားဖို့ စိတ်ကူးမရှိသေးဘဲ သူ့ရဲ့ထုံးစံအတိုင်း ပေါ်တူဂီအတွက် အစွမ်းကုန်ပေးဆပ်သွားဖို့ ဆန္ဒရှိနေပါသေးတယ်။

ရှေ့နှစ် (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာ ရော်နယ်ဒိုက အသက် (၃၇) ရှိနေမှာဖြစ်ပြီး (၂၀၂၆) ကမ္ဘာ့ဖလားမှာတော့ အသက် (၄၁) နှစ်ရှိနေမှာပါ။ ဒါပေမယ့် ရော်နယ်ဒိုကတော့ ပေါ်တူဂီနဲ့အတူ (၂၀၂၆) ကမ္ဘာ့ဖလားကို ခြေစစ်ပွဲအောင်ရုံတင်မကဘဲ ကမ္ဘာ့ဖလားအများဆုံး ကစားနိုင်တဲ့ ကစားသမားအဖြစ်ပါ မှတ်တမ်းတင်နိုင်ဖို့ ပစ်မှတ်ထားလာတာလည်းဖြစ်ပါတယ်။  

Share

က္က