တောင်ကိုရီးယားအစိုးရဟာ နိုင်ငံကို ကမ္ဘာ့ထိပ်တန်း Metaverse ဈေးကွက်အဖြစ် ပုံဖော်ဖို့ စီမံကိန်းတွေ ချနေပြီ ဖြစ်ပါတယ်။
ကြာသာပတေးနေ့က အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ လာမယ့် ၂၀၂၆ ခုနှစ်အရောက်မှာ တောင်ကိုရီးယားကို ကမ္ဘာ့ ပဉ္စမမြောက်အကြီးဆုံး Metaverse ဈေးကွက်ဖြစ်လာဖို့ ပန်းတိုင်ချမှတ်ထားကြောင်း ဖော်ပြထားပါတယ်။ ရည်မှန်းချက်အတိုင်း ပြည့်မှီဖို့ အစိုးရဟာ Metaverse နည်းပညာပိုင်းကျွမ်းကျင်တဲ့ ပရော်ဖက်ရှင်နယ်ပေါင်း ၄ သောင်းနဲ့ ကုမ္ပဏီပေါင်း ၂၂၀ ကို ပျိုးထောင်သွားမယ်လို့လည်း The Korea Herald သတင်းက ဆိုပါတယ်။
Photo: iansphoto
Metaverse ပုံစံသစ်ကနေ ယူဆောင်လာမယ့် စီးပွားရေးနဲ့ လူမှုအပြောင်းအလဲတွေကို တုံ့ပြန်နိုင်ဖို့နဲ့ အနာဂါတ်အတွက် ပြင်ဆင်နိုင်ဖို့ အစိုးရအဖွဲ့အားလုံးပါဝင်တဲ့ ဗျူဟာမြောက်စီမံကိန်းအကြောင်း နိုင်ငံရဲ့ သိပ္ပံနဲ့ ICT ဝန်ကြီးဌာနက ကြေညာပါတယ်။ အဓိကအားဖြင့် Metaverse ပလက်ဖောင်းများအတွက် ဂေဟစနစ်ဝန်းကျင်တစ်ခု ဖော်ဆောင်ရေး၊ ကျွမ်းကျင်ပညာရှင်တွေ မွေးထုတ်ရေး ၊ Metaverse သုံးစွဲသူအားလုံးအတွက် ဘေးကင်းစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ရေးနဲ့ ကုမ္ပဏီတွေကိုပံ့ပိုးကူညီခြင်း ဆိုပြီး ပန်းတိုင် ၄ ရပ်ပါဝင်ပါတယ်။
“Metaverse ဆိုတာ မကုန်ခမ်းနိုင်အောင် များပြားလှတဲ့ အခွင့်အလမ်းတွေ ပြည့်လျှမ်းနေတဲ့ ဒစ်ဂျစ်တယ်တိုက်သစ်ကြီးတစ်ခုပါ။ လူတိုင်းက အဓိကဇာတ်ဆောင်အနေနဲ့ ဝင်ရောက်ကစားပြီး သူတို့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ပါတယ်။ အထူးသဖြင့်စိန်ခေါ်မှုသစ်တွေ တောင့်တနေပြီး ပိုမို ကျယ်ပြောတဲ့ ကမ္ဘာကြီးမှာ ကြီးထွားချင်တဲ့ လူငယ်တွေအတွက် အခွင့်အလမ်းတွေရှိရာနေရာတစ်ခုပါပဲ။ ” လို့ သိပ္ပံနဲ့ ICT ဝန်ကြီး လင်မ် ဟေး ဆွတ်ခ်က ဆိုပါတယ်။
အစိုးရပိုင်းကနေ Developers နဲ့ ကုမ္ပဏီတစ်ဦးချင်းစီကို ပံ့ပိုးမှုပုံစံအမျိုးမျိုးနဲ့ ထောက်ပံ့သွားမှာ ဖြစ်ပေမယ့်လည်း Metaverse ပုံစံမျိုးစုံဖွံ့ဖြိုးရေးကို ပုဂ္ဂလိကဘက်ကနေ ဦးဆောင်ရမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ယခုနှစ်ကစပြီး လူငယ်လူချွန်တွေမွေးထုတ်ဖို့ Metaverse အကယ်ဒမီကျောင်းတစ်ခု တည်ထောင်သွားမှာ ဖြစ်သလို ဘွဲ့ပေးနိုင်မယ့်တက္ကသိုလ်ကျောင်းနှစ်ခုအထိလည်း ဖွဲ့စည်းသွားဖို့ စီစဉ်ထားပါတယ်။ ကျောင်းတစ်ကျောင်းစီအတွက် နောက် ၅ နှစ်ကျော်အတွင်း ကိုရီးယားဝမ် ၅.၅ ဘီလျံ (ဒေါ်လာ ၄.၆ သန်း) အထိ ထောက်ပံ့သွားမယ်လို့ပါ ကြေညာထားပါတယ်။
Photo: koreaherald
ကုမ္ပဏီနဲ့ ကျောင်းသားတွေအတွက် နိုင်ငံဟာ ပြည်တွင်းဆော့ဖ်ဝဲလ်ပရိုဂရမ်များ သုံးပြီး Metaverse ဖွံ့ဖြိုးရေးပြိုင်ပွဲတွေနဲ့ Metaverse Creators တွေအတွက် Hackathons ပြိုင်ပွဲတွေလည်း စီစဉ်ကျင်းပပေးသွားမှာပါ။ စီမံကိန်းအရ နိုင်ငံဟာ Metaverse နည်းပညာကို အနုပညာ ၊ ယဉ်ကျေးမှု ၊ ပညာရေး ၊ K-Pop နဲ့ ခရီးသွားလာရေးပိုင်းတွေမှာ အသုံးချရေးနဲ့ နိုင်ငံခြားသားတွေအတွက် Metaverse ပလက်ဖောင်းတွေပေါ်မှာ အွန်လိုင်းကိုရီးယား ဘာသာစကားသုံး အင်စတီကျူ့ဒ်တစ်ခု တည်ဆောက်ရေးတွေပါ လုပ်ဆောင်ဖို့ စီမံကိန်းချထားတယ်လို့ ဆိုပါတယ်။
ထောက်ပံ့ရေးအစီအစဉ်တွေကတစ်ဆင့် အစိုးရအဖွဲ့ဟာ ၂၀၂၆ ခုနှစ်အရောက်မှာ Metaverse ပိုင်း ကျွမ်းကျင်တဲ့ ကုမ္ပဏီပေါင်း ၂၂၀ ထဲက တစ်ခုချင်းစီကနေ နှစ်စဉ်ရောင်းအား ဝမ် ၅ ဘီလျံကျော်အထိ ရရှိဖို့ပါ ရည်မှန်းချက်ထားနေပါတယ်။