ကမ္ဘာ့ခေါင်းဆောင် ၁၀၀ ကျော်က ၂၀၃၀ ခုနှစ်မှာ သစ်တောပြုန်းတီးမှု အဆုံးသတ်ရန် သဘောတူညီ ကတိပြုခဲ့ကြပြီး ဂလက်စ်ဂေါမြို့မှာ ကျင်းပပြုလုပ်တဲ့ ရာသီဥတုဆိုင်ရာညီလာခံ (COP26) ရဲ့ ပထမဆုံး အဓိက သဘောတူညီချက်လည်း ဖြစ်လာပါတယ်။
(Photo: Getty Images)
ကျွမ်းကျင်သူတွေက ယခုသဘောတူညီ ကတိပြုမှုကို ကြိုဆိုခဲ့ကြပေမဲ့ ၂၀၁၄ ခုနှစ်မှာ ရရှိခဲ့တဲ့ ယခင်သဘောတူညီမှုအတိုင်း သစ်တောပြုန်းတီးလျှော့ချရေး ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်းနဲ့ ကတိပြုထားမှုတွေကို လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ထောက်ပြခဲ့ကြပါတယ်။
ပူနွေးတဲ့ဓာတ်ငွေ့ ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ပမာဏများစွာကို သစ်တောတွေက စုပ်ယူပေးနေတာကြောင့် သစ်ပင်များခုတ်လှဲခြင်းက ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေပါတယ်။ World Resources Institute (WRI) ရဲ့ အဆိုအရ သစ်တောတွေက အကြမ်းဖျင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုတွေရဲ့ ၃၀ ရာခိုင်နှုန်းကို စုပ်ယူကြကြောင်း သိရပါတယ်။
(Photo: Reuters)
သစ်တောတွေက လေထုထဲသို့ ထွက်ရှိလာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး ရာသီဥတုပူနွေးခြင်းကို ကာကွယ်ပေးပါတယ်။ ယခုအခါ အဆိုပါ သဘာဝဖြစ်စဥ်ဟာ သစ်တောများပြုန်းတီးလျော့နည်းလာမှုကြောင့် အလျင်အမြန် ပျောက်ကွယ်လာနေတယ်လို့ ဆိုပါတယ်။
၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာ့သစ်တောဧရိယာ ၂၅၈,၀၀၀ စတုရန်ကီလိုမီတာ ပြုန်းတီးသွားခဲ့ကြောင်း WRI ရဲ့ သစ်တောပြုန်းတီးမှုစောင့်ကြည့်ရေး Global Forest Watch စနစ်က ဖော်ပြပါတယ်။ ထိုဧရိယာဟာ ဗြိတိန်ထက် ပိုမိုကြီးမားတယ်လို့ ဆိုပါတယ်။ စကော့တလန်နိုင်ငံ ဂလက်စ်ဂေါမြို့မှာ နှစ်ပတ်ကြာ ကျင်းပပြုလုပ်နေတဲ့ COP26 ရာသီဥတုဆိုင်ရာညီလာခံမှာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်နိုင်ရေး ဆွေးနွေးနေကြပါတယ်။