Nokia ကလည်း 200MP ကင်မရာဖုန်း ထုတ်ဖို့ ပြင်နေပါတယ်

သိပ်မဝေးလှတဲ့ အနာဂါတ်မှာ 6G ကွန်ရက်ကို ကမ္ဘာတလွှား အသုံးပြုနိုင်တော့မှာပါ။ 

လက်ရှိမှာ 5G ကွန်ရက်ကို ကမ္ဘာအနှံ့ မဖြန့်ကြက်နိုင်သေးပေမယ့် နောက်မျိုးဆက် 6G ကွန်ရက်ကတော့ အခု ဆယ်စုနှစ်အတွင်းကို ရောက်ရှိလာတော့မယ်လို့ Nokia CEO ပက်ကာ လွန်းဒ်မာ့ခ်က ပြောပါတယ်။ အင်္ဂါနေ့က ကျင်းပသွားတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ဆွေးနွေးပွဲမှာ Nokia အမှုဆောင်အရာရှိချုပ် လွန်းဒ်မာ့ခ်က 6G ကွန်ရက်တွေကို လာမယ့် ၂၀၃၀ မှာ စီးပွားဖြစ် အသုံးပြုနိုင်တော့မယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။ 




လွန်းဒ်မာ့ခ်ရဲ့ ပြောကြားချက်ဟာ အစောပိုင်းက Huawei ခန့်မှန်းထားတဲ့ 6G ကွန်ရက်ဖြန့်ကြက်နိုင်မယ့်အချိန် ခန့်မှန်းချက်နဲ့ အတော်ကြီး နီးစပ်နေပါတယ်။ 6G ကို ကမ္ဘာအနှံ့ ဖြန့်ကြက်နိုင်ပေမယ့် ဒီကွန်ရက်စံကို စမတ်ဖုန်းတွေက လိုက်နိုင်မှာ မဟုတ်ဘူးလို့လည်း လွန်းဒ်မာ့ခ်က ခန့်မှန်းပါတယ်။ လောလောဆယ်မှာ 5G စမတ်ဖုန်းတွေ အပြိုင်းအရိုင်း ထွက်နေပေမယ့် 6G ကွန်ရက်ကိုတော့ စမတ်ဖုန်းတွေက လိုက်နိုင်ဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

နောက်ထပ် စိတ်ဝင်စားစရာတစ်ခုက 6G ကို စမတ်ဖုန်းတွေထက် လူရဲ့ ကိုယ်ခန္ဓာထဲမှာ တိုက်ရိုက်ထည့်သွင်းထားတဲ့ အသစ်စက်စက် အီလက်ထရွန်းနစ်ထုတ်ကုန်နည်းပညာတွေမှာ အသုံးပြုနိုင်မယ်ဆိုတဲ့ အချက်ပါပဲ။ လာမယ့် ၇ နှစ်အတွင်း စမတ်ဖုန်းထက် နည်းပညာအားဖြင့် အဆင့်အတန်းမြင့်မားတဲ့ စမတ်ထုက်ကုန်တွေ ပေါ်ပေါက်လာမယ့် သဘောပဲ ဖြစ်ပါတယ်။ 

"ရုပ်ပိုင်းသဘောလောကကြီးရှိသလို ဒီဂျစ်တယ် ပုံရိပ်ယောင်လောကကြီးလည်း ရှိလာမယ်။ အရာအားလုံးနီးပါးကို ဒီဂျစ်တယ်သွားတဲ့ သဘောတွေ ပေါ်ပေါက်လာမယ်။"လို့ လွန်းဒ်မာ့ခ်က ခန့်မှန်းပါတယ်။ အကောင်အထည်ပါတဲ့ Physical Worlds နဲ့ ပုံရိပ်ယောင် Digital Worlds တွေ အတူတူ ကြီးပြင်းလာပြီး လူတွေဟာ ပုံရိပ်ယောင်ကမ္ဘာထဲ ဝင်ရောက်တော့မယ်လို့လည်း သူက ဆိုပါတယ်။ 

6G စံနှုန်းအနေနဲ့ သတ်မှတ်ဖို့ အခုချိန်ဟာ စောသေးတယ်ဆိုပေမယ့် Qualcomm ၊ Apple ၊ Google ၊ Samsung နဲ့ LG တို့ဟာ ဒီနည်းပညာဖွံ့ဖြိုးရေးအတွက် အပြိုင်အဆိုင် သုတေသနလုပ်ဆောင်‌နေကြပါတယ်။ 6G ကွန်ရက်စံကို သွားဖို့အတွက် Computing Resources ပိုများများ လိုအပ်နေပြီး ဒီကွန်ရက်နည်းပညာဟာ 5G ထက် အဆပေါင်း ရာချီ ထောင်ချီအထိ ပိုမြန်မယ်လို့ တွက်ထားကြပါတယ်။ 




ကျွမ်းကျင်သူတွေအဆိုအရ 6G ဟာ အမြန်နှုန်းနဲ့ တုံ့ပြန်ချိန် ပိုမြန်ဆန်လာရုံတင် မဟုတ်ဘဲ Quantum Mechanics နဲ့ AI ပိုင်းဆိုင်ရာ နည်းပညာ ဖွံ့ဖြိုးရေးနယ်ပယ်သစ်တွေပါ မောင်းနှင်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိ ကမ္ဘာ့ထိပ်သီးနည်းပညာကုမ္ပဏီကြီးတွေ ဖော်ဆောင်နေတဲ့ Metaverse ပေါ်ပေါက်လာရေးမှာပါ 6G က အရေးပါလာနိုင်ပါတယ်။ 

Nokia ဟာ စမတ်ဖုန်းနယ်ပယ်မှာ နေရာသိပ်မရပေမယ့် ကုမ္ပဏီရဲ့ ကွန်ရက်စီးပွားရေးကိုတော့ တိုးချဲ့လာနေပါတယ်။ တစ်ဖက်မှာလည်း Android အတွေ့အကြုံကောင်းတွေ ပေးနိုင်ဖို့ ၂၀၂၁ ခုနှစ်ထွက် Nokia X20 မှာ Android 13 Beta ပရိုဂရမ်မှာ ပါဝင်နေပါတယ်။ Nokia ဟာ 200MP ကင်မရာစမတ်ဖုန်း ထုတ်ဖို့လည်း ပြင်ဆင်နေပါတယ်။ ဒါပေမယ့်လည်း တကယ့်ထိပ်သီး စမတ်ဖုန်းအမှတ်တံဆိပ်ကြီးတွေကို Nokia အနေနဲ့ ကျော်တက်နိုင်ဖို့တော့ ခက်ခဲဦးမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က